မိတ်ကောင်းဆွေကောင်းဆိုတာ.....မိမိကို အင်မတန်ပေးနိုင်ခက်တဲ့အရာကိုပေးတတ်တယ် ။ အင်မတန်ပြုနိုင်ခက်တဲ့အမူမျိုး ၊အကူညီမျိုးကို လုပ်ဆောင်ပေးတတ်တယ်။
မိမိကသတိလွတ်လို့ ပဲဖြစ်ဖြစ် တခြားအခြေအနေတရပ်ရပ်ကြောင့်ပဲဖြစ်ဖြစ်
မကောင်းသဖြင့်ပြောဆိုမိတဲ့စကား
ပြုမိတဲ့အပြုအမူမျိုးရှိလာရင်လည်း သည်းခံတတ်တယ်။
မိမိကလျှို့ ဝှက်ထားစေချင်တဲ့ မပေါက်ကြားစေလိုတဲ့စကားကိုပြောတဲ့အခါမှာလည်း
အဲဒီစကားကိုမပေါက်ကြားအောင် လုံခြုံအောင် လျှို့ ဝှက်ပေးတတ်တယ်။
ဘေးရန်အန္တရာယ်တွေနဲ့ ကြုံတွေ့ လာတဲ့အခါမှာလည်း မိမိကိုစွန့် ပစ်ကျောခိုင်းမသွားဘူး။ ထားချန်မပြစ်ခဲ့ဘူး။
အကြောင်းမသင့်လို့ မိမိမှာ ပစ္စည်းဥစ္စာဆင်းရဲသွားတဲ့အခါမျိုး၊
အဆင့်အတန်းလျှောဆင်းနိမ့်ကျသွားတဲ့အခါမျိုးမှာလည်း မိမိကိုမထီမဲ့မြင်မပြုဘူး။
အထင်သေးတဲ့အပြောမျိုးနဲ့  မပြောတတ်ဘူး။ အထင်သေးတဲ့အကြည့်မျိုးနဲ့ မကြည့်တတ်ဘူး။
မိမိချမ်းသာရင်၊ အောင်မြင်ရင်၊ ကျော်ကြားရင်လည်း မနာလိုမရူ့ စိတ်မဖြစ်ဘူး။
မိမိနဲ့ ထပ်တူပဲ ၀မ်းသာနေတတ်သေးတယ်။
မိမိရဲ့ အောင်မြင်မူ့  ကျော်ကြားမူ့ ကို ၀မ်းမြောက်ဂုဏ်ယူစွာနဲ့ 
အခြားသူတွေကိုတောင် တစ်ဆင့်ပြောပြနေတတ်သေးတယ်။
မိမိရဲ့ ဂုဏ်သတင်းကိုညှိုးမှိန်စေတဲ့ မဟုတ်မတရား စကားမျိုးကို
တပါးသူကပြောလာရင်လည်း "ဒီလိုမဟုတ်ပါဘူး၊ ဒီလိုမပြောသင့်ပါဘူး" စသဖြင့်တားဆီးတတ်တယ်။
တဦးနဲ့ တဦးဝေးနေတုန်းမှာအစားကောင်းစားရရင်
မိမိကို ကျွေးချင်မွေးချင်စိတ်တွေနဲ့ သတိများရနေတတ်သေးတယ်။
ပြီးတော့....မိတ်ကောင်းဆွေကောင်းဆိုတာ သဒ္ခါတရားနဲ့ ပြည့်စုံတယ်၊စင်ကြယ်တဲ့သီလရှိတယ် အကြားအမြင်ဗဟုသုတများတယ်၊ ၀န်တိုခြင်းမရှိဘူး၊ ပညာနဲ့ လည်းပြည့်စုံတယ်။
ဒီလိုစိတ်ထားမျိုးရှိတဲ့ မိတ်ဆွေတွေနဲ့ ဘ၀ခရီးမှာတွေ့ ရကြုံရဆုံရရင်တော့ သိပ်ကိုငြိမ်းအေးပြေလွင်တဲ့ ဘ၀ခရီးဖြစ်မှာပါပဲ။ လူဖြစ်ရကျိုးနပ်တယ်လို့ တောင်ဆိုရမှာပဲ။
သူတော်ကောင်းတို့ နှင့်ပေါင်းဆုံရခြင်းသည် တစ်ကြိမ်သာလျှင်ဖြစ်၏။ (၀ါ ) တကြိမ်သာလျှင်ဖြစ်စေကာမူ ထိုတကြိမ်မျှ ပေါင်းဆုံတွေ့ ရခြင်းသည် သူတော်ကောင်းတို့ နှင့်ပေါင်းဆုံတွေ့ ရသော
ထိုသူကို အကျိုးမဲ့ ပယ်ရှား၊ အကျိုးများအောင် ဆောင်ရွက်စောင့်ရှောက်တတ်ပေ၏။
သူယုတ်မာတို့ နှင့် အကြိမ်များစွာ ပေါင်ဆုံရခြင်းသည်( ၀ါ ) ပေါင်းဆုံရစေကာမူ
အကျိုးများအောင် မဆောင်ရွက်မစောင့်ရှောက်တတ်ချေ။
( မဟာသုတသောမဇတ် )
( ဆရာနန္ဒာသိန်းဇံ၏ မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်းမှကောက်နှုတ်ဖေါ်ပြသည် )
No comments:
Post a Comment