ဆိုကရေးတီးဟာ အတွေ့ အကြုံ ဗဟုသုတနဲ့  ပညာအရာမှာ ကြွယ်ဝချမ်းသာသူဖြစ်ပေမယ့် ပစ္စည်းဥစ္စာအရာမှာတော့ ချမ်းသာလှသူမဟုတ်ပါဘူး။
ဒါကြောင့်သူဆောက်နေတဲ့အိမ်က ခမ်းခမ်းနားနား ထည်ထည်ဝါ၀ါအိမ်မျိုးမဟုတ်ပါဘူး။ ခပ်ငယ်ငယ်ခပ်ကျဉ်းကျဉ်း နေလို့ ဖြစ်ရုံအိမ်မျိုးပါပဲ။
ဒီလိုအိမ်ငယ်ငယ်ကျဉ်းကျဉ်းဆောက်နေတာကို မြင်တဲ့လူတဦးက ဆိုကရေးတီးကို အထင်အမြင်သေးသွားပါတယ်။ ဒါနဲ့ ဒီလူကအပြစ်ပြောတဲ့လေသံနဲ့ ၊ ခနဲ့ တဲ့လေသံမျိုးနဲ့ 
"ပညာရှိကြီး ဆိုကရေးတီး အိမ်ကငယ်လှချည်လား" လို့ ဆိုတယ်။
ဒီလိုဆိုလာတဲ့လူကို ဆိုကရေးတီးက ပညာရှိပီပီ " ကျုပ်အိမ်ကမိတ်ကောင်းဆွေကောင်းတွေ လာရင်တော့ နေလောက်ပါတယ်" လို့ ပြောလိုက်ပါတယ်။
ဆိုကရေးတီးပြောလိုက်တဲ့စကားကို တဖက်ကလူ ဘယ်လိုနားလည်သွားသလဲတော့မသိဘူး။
ဆိုကရေးတီး ဆိုလိုချင်တာက "စိတ်ကောင်း နှလုံးကောင်းရှိတဲ့ ....သူတပါးကိုကူညီရိုင်းပင်းတတ်တဲ့ မိတ်ကောင်းဆွေကောင်းဆိုတာမျိုးက လောကမှာရှားတယ်။
သူတပါးကိုကူညီရိုင်းပင်းဖို့ ကို စိတ်ကူးထဲတောင်မထည့်တတ်တဲ့ မင်းလိုလူစားတွေ.....သူတပါးကိုအပြစ်ပဲမြင်တတ်၊ အထင်အမြင်သေးဖို့  လောက်ပဲတတ်တဲ့မိတ်ကောင်းဆွေကောင်းမဟုတ်တဲ့လူစားမျိုးတွေကတော့ လောကမှာအများကြီး ဒီလိုအရေအတွက်များပြားလှတဲ့မင်းလိုလူစားမျိုးတွေ လာကြမယ်ဆိုရင်တော့ငါ့အိမ်ကငယ်တယ်၊
ကျဉ်းတယ်၊ ဆံ့မှာမဟုတ်ဘူး။ ဒါပေမယ့် စိတ်နှလုံးကောင်းမြတ်ဖြူစင်တဲ့ သူတပါးကိုကူညီရိုင်းပင်းတတ်တဲ့ မိတ်ကောင်းဆွေကောင်းဆိုတာမျိုးကတော့ လောကမှာအင်မတန်နဲတယ်၊ ရှားပါးတယ်၊
ဒီတော့ ရှားရှားပါးပါး တခါတလေမှရောက်လာမယ့်မိတ်ကောင်းဆွေကောင်း အနည်းငယ်အတွက်တော့ ငါ့အိမ်က နေလောက်ပါတယ် ဆံ့ပါတယ်လို့ " ဆိုလိုချင်တာဖြစ်ပါလိမ့်မယ်။
ဆိုကရေးတီးဟာ လူကောင်းသူကောင်းဖြစ်ရေး သဘောတရားအယူအဆတွေ၊
အသိအလိမ္မာ ဆင်ခြင်ဥာဏ် တိုးတက်ရေးဆိုင်ရာအယူအဆတွေကို အပတ်တကုတ်လေ့လာစူးစမ်းခဲ့သူဖြစ်ပါတယ်။
ဒီလိုလူကောင်း သူကောင်းဖြစ်ရေး အစရှိတဲ့လူ့ အတွင်းသန္တာန် နာမ်ပိုင်းဆိုင်ရာတို့ ကိုတိုးတက်အောင် စူးစမ်းလေ့လာသူ ဖြစ်ပါမှ လူဖြစ်ရကျိုးနပ်မယ်လို့  ယူဆသူဆိုတော့ လူရဲ့ အပြင်သန္တာန်နဲ့ ဆိုင်တဲ့ ပစ္စည်းဥစ္စာတိုးတက်ရေး ထင်ပေါ်ကျော်စောရေးအတွက် လောဘတကြီး အာသာငမ်းငမ်းနဲ့  အတ္တအကျိုးပဲကြည့်ရင်းလှုပ်ရှား ကြိုးစားနေကြတဲ့ သူ့ ပတ်ဝန်းကျင်ကလူတွေအပေါ် ဆိုကရေးတီးကအားမလိုအားမရ ဖြစ်ပုံရပါတယ်။
မဟုတ်မတရားစွဲချက်အမျိုးမျိုးနဲ့ သူ့ ကိုသေဒဏ်ပေးဖို့ အပြစ်ရှာကြတဲ့ ဂျူရီအဖွဲ့ ကိုရည်ညွှန်းပြီး ဆိုကရေးတီးက.....
" အသင်တို့ ဟာ အသိပညာရရှိရေး ၊ အမှန်တရားကိုသိမြင်ရေးနဲ့ 
စိတ်ပိုင်းဆိုင်ရာ ကောင်းမြတ်စင်ကြယ် တိုးတက်ရေးအတွက် အားမထုတ်ကြပဲ တနေ့ ပြီးတနေ့  ပစ္စည်းဥစ္စာတိုးတက်ရေး ၊ ဂုဏ်သိက္ခာမြင့်မားရေး ထင်ပေါ်ကျော်စောရေးအတွက်သာ လောဘတကြီး ကြိုးစားနေခြင်းကို မရှက်ကြသလော"
လို့ ပြောခဲ့ဘူးပါတယ်။
အမှန်ကတော့ လူများစွာဟာ မရှက်ကြပါဘူး။
ပစ္စည်းဥစ္စာ တိုးတက်ရေး၊ ဂုဏ်သိက္ခာမြင့်မားရေး၊ ထင်ပေါ်ကျော်ကြားရေးအတွက်ပဲ
နေ့ ရှိသရွေ့ ကြိုးစားနေကြတာပါ။ ဒါတွေရရှိရေးအတွက်ပဲ နေ့ ရှိသရွေ့  စဉ်းစားနေကြတာပါ။
ဒီလိုကြိုးစားရင်း၊ စဉ်းစားရင်း "အလိုမပြည့်မီပဲ လူဟာသေရတယ်"
ဆိုတဲ့စကားအတိုင်း အလိုလောဘရဲ့ လှည့်စားမူ့ အတွင်းမှာ မကျေနပ်ပဲနဲ့  အသက်ကုန်သွားကြတာပါပဲ။ ဘ၀တခုကုန်ဆုံးသွားရတာပါပဲ။
( ဆရာနန္ဒာသိန်းဇံ၏ မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်းမှကောက်နှုတ်ဖေါ်ပြသည် )
No comments:
Post a Comment