ရဝေနွယ်(အင်းမ)
“ဘာပဲဖြစ်နေဖြစ်နေ ငါတရားအားထုတ်ဖို့ အဓိက”
အမှန်ပြောရရင် စာရေးသူက ကိုယ့်ကိုယ်ကို သိပ်မကြည်ညို လှပါဘူး။ ဒါတကယ်ပြောတာပါ။ တစ်ခါတစ်ခါ ကိုယ့်ရင်ထဲ ကိုယ်မလိုချင်တဲ့ ကိုယ်သိပ်မုန်းတဲ့ အကုသိုလ် စိတ်တွေ ဝင်လာရင် သိပ်စိတ်ဆင်းရဲ ရပါတယ်။
ရဟန်းလည်းဖြစ် ဒါတင်မက ပရိသတ် အသိအမှတ်ပြုတဲ့ စာရေးဆရာ ရဟန်းတစ်ပါးလည်းဖြစ်ပြီး “ဒီအကုသိုလ်မျိုးတွေ ဝင်လာရပါ့မလား”ဆိုပြီး တွေးရင်းတွေးရင်း စိတ်ဆင်းရဲ ရတော့တာပါ။ ဒါကြောင့် အကုသိုလ် ပယ်နည်းတွေကို ရနိုင်သမျှ စုထားတာပါ။ နောင်လည်း ဆက်စုနေဦးမှာပါ။ စုလို့ရသမျှ ပယ်နည်း တွေကိုလည်း ချစ်တဲ့ စာဖတ်သူတွေဆီကို ရေးပို့နေဦးမှာပါ။
အဲဒီလို အကုသိုလ်စိတ် ဝင်လာလို့ စိတ်ဆင်းရဲရပြီ ဆိုရင် ကိုယ့်ကိုယ်ကို တရားပြန်ဟောတဲ့ တရားလေး တစ်ပုဒ် ရှိပါတယ်။ ဘာလဲဆိုတော့ “ ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့အဓိက” ဆိုတဲ့ စကားလေးပါ။ အဲဒီစကားလေးကို ထပ်ကာ ထပ်ကာ ရွတ်နေလိုက်ရင် စိတ်က သက်သာသွားတာ များပါတယ်။
အခုတလော တရားပွဲတွေမှာဆို တရားဆုံးခါနီးမှာ ဒါကိုပဲ ထပ်ကာထပ်ကာ ဟောနေလိုက်တာပါ။ ကိုယ့်ကိုယ်ကိုလည်း ဟောပြီးသားဖြစ်၊ တရားနာ ပရိသတ်ကိုလည်း ဟောပြီးသားဖြစ်နဲ့ သိပ်သဘော ကျတာပါ။
ဒါကိုပဲ ထပ်ကာ ထပ်ကာ ဟောနေတော့ စာရေးသူရဲ့ ကပ္ပိယတစ်ယောက် ဖြစ်တဲ့ ကွန်ပျူတာ ပညာရှင် တစ်ယောက် လည်းဖြစ်တဲ့ ကိုအောင်သိန်းက သူ့ရဲ့မွေးနေ့မှာ ဒီ “ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့အဓိက” ဆိုတဲ့ စာသားလေးကို ဆိုင်းဘုတ် ကလေးလုပ်ပြီး လာလှူပါတယ်။ ယောဂီတွေ တရားထိုင်တဲ့ နေရာမှာပဲ ချိတ်ပေး ထားလိုက်ပါတယ်။
“ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့ အဓိက”ဆိုတဲ့ နေရာမှာ ဘာပဲဖြစ်နေ ဖြစ်နေမှာ နှစ်ပိုင်း ရှိပါတယ်။ ကိုယ်ဘာပဲ ဖြစ်နေဖြစ်နေ ကိုယ်တရား အားထုတ်ဖို့ အဓိက၊ သူများ ဘာပဲဖြစ်နေ ဖြစ်နေ ကိုယ် တရားအားထုတ်ဖို့ အဓိကပါ။
ကိုယ်ဘာပဲ ဖြစ်နေ ဖြစ်နေမှာ ကိုယ့်ဘဝမှာ ငွေကြေး အဆင်ပြေတာ လည်းရှိမယ်၊ မပြေတာလည်း ရှိမယ်။ အိမ်ထောင်ရေး အဆင်ပြေတာလည်း ရှိမယ်၊ မပြေတာလည်း ရှိမယ်။ လူမှုရေး အဆင်ပြေတာ လည်းရှိမယ်၊ မပြေတာလည်း ရှိမယ်၊ အလုပ် အဆင်ပြေတာလည်း ရှိမယ်၊ မပြေတာ လည်းရှိမယ်။ ရာထူးဌာနန္တရ အဆင်ပြေတာ လည်းရှိမယ်၊ မပြေတာလည်းရှိမယ်။ ဘာပဲဖြစ်နေဖြစ်နေ ကိုယ်တရား အားထုတ်ဖို့ အဓိကပါပဲ။ တချို့ကိစ္စတွေက ကံနဲ့လည်း ဆိုင်ပါတယ်။ သူ့ဟာသူ ကံဆိုးချင် ဆိုးနေပါစေ ကိုယ်တရား အားထုတ်ဖို့က အဓိကပါပဲ။
နောက်တစ်ပိုင်းက သူများ ဘာပဲဖြစ်နေဖြစ်နေ ကိုယ်တရားအားထုတ်ဖို့က အဓိကပါ။ သူများတွေ ဘယ်လို အခြေအနေ အနေအထားတွေပဲ ရောက်နေရောက်နေ၊ ဥက္ကဋ္ဌတွေ အတွင်းရေးမှုးတွေပဲ ဖြစ်နေ ဖြစ်နေ ကိုယ် တရားအားထုတ်ဖို့ အဓိကပါပဲ။
ဒီနေရာမှာ သူများဘာပဲဖြစ်နေ ဖြစ်နေ ကိုယ်တရားအားထုတ်ဖို့အဓိက ဆိုတော့“နည်းနည်းများ အတ္တဆန် မနေဘူးလား” လို့ မေးစရာရှိပါတယ်။ “ ဒါနအရာ ဝမ်းမြောက်တာ မှန်စွာ အဓိက ဖြစ်ပေသည်။ ဝိပဿနာအရာ ဥပေက္ခာ မှန်စွာ အဓိက ဖြစ်ပေသည်” ဆိုတဲ့ အတိုင်း ဝိပဿနာတရား အားထုတ်တဲ့ နေရာမှာတော့ ဥပေက္ခာက အဓိကပါ။
တရားအားထုတ်နေစဉ် ကာလမှာ အားလုံးကို ဥပေက္ခာ ပြုထားရမှာပါ။ ဒီတော့ ကိုယ်တရား အားထုတ်နေစဉ် ကာလမှာ ကိုယ့်ခင်ပွန်း ကိုလည်း ဥပေက္ခာ ပြုထားရမှာပါ၊ ကိုယ့်ဇနီးကိုလည်း ဥပေက္ခာ ပြုထားရမှာပါ။ ကိုယ့် သားသမီး ကိုလည်း ဥပေက္ခာ ပြုထားရမှာပါ။ ကိုယ့်ချစ်သူ ကိုလည်း ဥပေက္ခာပြုထားရမှာပါ။ အားလုံး အားလုံးကို ဥပေက္ခာပြုထားရမှာပါပဲ။
ဘာပဲဖြစ်နေဖြစ်နေ တရားအားထုတ်နေရင် ဘဝက အဓိပ္ပါယ် ရှိနေတာပါပဲ။ ကိုယ့်ဘဝကိုယ် မကြည်ညိုလို့ အသစ်ပြန် တည်ဆောက်တဲ့နေရာမှာ သီလကိုအခြေခံပြီး ဝိပဿနာတရားတွေ အားထုတ်ရင်းနဲ့ ပြန်တည်ဆောက် ရမှာပါပဲ။ ဝိပဿနာတရား အားထုတ်တဲ့ နေရာမှာ တချို့က အားထုတ်လို့ ကောင်းတာလည်းရှိမယ်၊ အားထုတ်လို့ မကောင်း တာလည်းရှိမယ်။ ဒါနဲ့ ပတ်သက်လို့ ပုဂ္ဂိုလ်လေးမျိုးရှိပါတယ်။
(၁) တရားရှုမှတ်တဲ့အခါမှာ ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်းလည်း ရှုမှတ်ရတယ်၊ တရားလည်း အတွေ့နှေး တယ်၊ ဒါက တစ်ယောက်ပါ။ သူ့ကို ဒုက္ခပဋိပဒါဒန္ဓာ ဘိညာလို့ ခေါ်ပါတယ်။
(၂) တရားရှုမှတ်တဲ့အခါမှာ ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်း ရှုမှတ်ရတယ် ။ ဒါပေမယ့် တရားကျတော့ အတွေ့မြန်တယ်။ ဒါက တစ်ယောက်ပါ။ သူ့ကို ဒုက္ခပဋိပဒါ ခိပ္ပါဘိညာလို့ ခေါ်ပါတယ်။
(၃) တရားရှုမှတ်တဲ့ အခါမှာတော့ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူတော့ ရှုမှတ်ရပါတယ်။ ဒါပေမယ့် တရားကတော့ အတွေ့နှေးနေပါတယ်။ ဒါက တစ်ယောက်ပါ။ သူ့ကို သုခါပဋိပဒါ ဒန္ဓာဘိညာလို့ ခေါ်ပါတယ်။
(၄) တရားရှုမှတ်တဲ့ အခါမှာ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူလည်း ရှုမှတ်ရတယ်။ တရားလည်း မြန်မြန် တွေ့တယ်။ ဒါက တစ်ယောက်ပါ။ သူ့ကိုကျတော့ သုခါပဋိပဒါခိပ္ပါဘိညာလို့ ခေါ်ပါတယ်။ တရားရှုမှတ်တဲ့နေရာမှာ အဲဒီလို လေးမျိုး ဘာဖြစ်လို့ ကွဲနေရတာလဲ ဆိုတော့ အတိတ်အတိတ် ဘဝတွေနဲ့ ဆိုင်နေပါတယ်။
၁။ အတိတ်တိတ် ဘဝတွေက သမထလည်း အားမထုတ်ခဲ့ဖူးဘူး။ ဝိပဿနာ လည်းအားမထုတ်ခဲ့ ဖူးဘူး ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ တရားရှုမှတ်တဲ့ အခါမှာ ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်းလည်း ရှုမှတ်ရတယ်။ တရားလည်း အတွေ့နှေးပါတယ်။
၂။ အတိတ်တိတ်ဘဝတွေက ဝိပဿနာ တရားတော့ အားထုတ်ဖူးတယ်၊ သမထကိုတော့ အားမထုတ်ခဲ့ဖူး ဘူးဆိုရင် တရားရှုမှတ်တဲ့အခါ ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်းတော့ ရှုမှတ်ရတယ်၊ တရားတွေတော့ အတွေ့မြန်ပါ တယ်။
၃။ အတိတ်တိတ် ဘဝတွေက သမထကိုတော့ အားထုတ်ခဲ့ဖူးတယ်။ ဝိပဿနာ တရားကိုတော့ အားမထုတ် ခဲ့ဖူးဘူးဆိုရင် တရားရှုမှတ်တဲ့ အခါ ချမ်းချမ်းသာသာ လွယ်လွယ် ကူကူတော့ ရှုမှတ်ရတယ်။ တရားကျတော့ အတွေ့ နှေးတတ်ပါတယ်။
၎။ အတိတ်တိတ် ဘဝတွေက သမထလည်း အားထုတ်ခဲ့ဖူးတယ်။ ဝိပဿနာ လည်း အားထုတ်ခဲ့ဖူးတယ် ဆိုရင်တော့ တရားရှုမှတ်တဲ့အခါ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူလည်း ရှုမှတ်ရတယ် တရားလည်း အတွေ့ မြန် ပါတယ်။
ဒီသဘောတွေ သိထားတော့ တရားအားထုတ်တဲ့ အခါ အခက်အခဲ တွေ့ရပေမယ့်ဘာမှ စိတ်ပျက် အားငယ်စရာ မလိုတော့ပါဘူး။ ဒီဘဝမှာ တရားထူးရအောင် အားမထုတ်နိုင်ရင်တော့ နောက်ဘဝ နောက်ဘဝ တွေမှာ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ အားထုတ်ဖို့ တရားတွေ အတွေ့မြန်ဖို့ အထောက်အပံ့ကောင်းတွေ ရသွားတော့ တာပါ။
တချို့ကျတော့ သမထတရားကို သိပ်အားထုတ်တာပါ။ ဘုရားတွေ၊ စေတီတွေ၊ တောင်တွေမှာ လိုက်ပြီး နာရီပေါင်းများစွာ ရက်ပေါင်းများစွာ ဝီရိယရှိရှိနဲ့ အားထုတ်ကြတာပါ။ သူမတူအောင် ဝီရိယ ရှိကြတဲ့သူတွေပါ။ ပြောရရင် သမထနဲ့ပဲ လမ်းဆုံးနေတာပါ။ အဲဒီဝီရိယ တွေနဲ့ သမထက တစ်ဆင့် ဝိပဿနာ ဘက်ကူးသွားနိုင်ရင် သိပ်ကောင်းတာပါ။ ဝီရိယကရှိပြီးသား ဆိုတော့ ဝိပဿနာ တရားမှာလည်း အခက်အခဲမရှိ လောက်တော့ပါဘူး။ အဓိက သမထနဲ့ပဲ လမ်းဆုံးမနေဖို့ပါ။
ဒီလိုပါပဲ “တို့ကတော့ ဝိပဿနာလိုင်းပဲ” ဆိုပြီး သမထကို လျှော့ချမထားရပါဘူး။ တရားအားထုတ်တဲ့ အခါ ဝိပဿနာ တရားကိုပဲ ဆက်ကာ ဆက်ကာ အားထုတ် နေရမယ်လို့ မဆိုပါဘူး။ တရားအားထုတ်တယ် ဆိုတာ အမြဲတမ်းတော့ ကောင်းမနေနိုင်ပါဘူး။ တစ်ခါတလေလည်း တရားအားထုတ်ရင်းနဲ့ စိတ်ပင်ပန်း ငြီးငွေ့မှုတွေ ဖြစ်လာတတ်ပါတယ်။ စာမှာတော့ အဲဒီလို အခါမျိုးမှာ ဝိပဿနာ တရားကို ခဏရပ်ထားပြီး သမထတရားကို ပြန်အားထုတ်ရမယ်လို့ ဆိုပါတယ်။ စာမှာ ဥပမာ ပေးထားတာကတော့ စစ်သားတစ်ယောက်ဟာ စစ်တိုက်လို့ မောပန်းလာတဲ့အခါ ကတုတ်ကျင်းထဲပြန်ဝင်၊ အမောဖြေ၊ အစာရေစာစား၊ ကျည်ဆန်ဖြည့်၊ အမောပြေတဲ့အခါ အားအင်တွေ ပြည့်တဲ့အခါ ကတုတ်ကျင်းထဲက ပြန်ထွက်ပြီး စစ်ပြန်တိုက်ရသလို တရားအားထုတ်နေတဲ့ ယောဂီဟာလည်း ဝိပဿနာတရား အားထုတ်လို့ စိတ်ပင်ပန်းငြီးငွေ့ လာရင် စစ်သားဟာ ကတုတ်ကျင်းထဲ ပြန်ဝင်ပြီး အမောဖြေ အနားယူရသလို ဝိပဿနာတရားကို ခဏရပ်ပြီး သမထကို ပြန်အားထုတ်ပါတဲ့။ သမထ အားထုတ်လို့ စိတ်ပြန်ကြည်လင် လာပြီဆိုမှ ဝိပဿနာ တရားကို ပြန်အားထုတ်ပါတဲ့။
ဒီအဋ္ဌကထာ အဖွင့်လေးကို မှတ်ထားပြီး ဝိပဿနာ အားထုတ်လို့ စိတ်ပင်ပန်း ငြီးငွေ့လာရင် ဝိပဿနာကို ခဏ ရပ်ထားပြီး သမထကို ပြန်အားထုတ်ဖို့ပါ။ ဂုဏ်တော်ပဲပွါးပွါး၊ မေတ္တာပဲပွါးပွါး၊ ကိုယ်နှစ်သက်ရာ သမထ တစ်ခုခုကို ပွါးလိုက်ဖို့ပါ။ ဂုဏ်တော်ပွါးလိုက်ရင် စိတ်က ပြန်ကြည်လင် လာတာပါပဲ။ ကိုယ့်ဘဝကိုယ် ကြည်ညို တာလည်း ရှိမယ် မကြည်ညို တာလည်းရှိမယ်။ ကြည်ညိုခြင်း မကြည်ညိုခြင်းတွေဟာ အတိတ်ကာလက ပြုခဲ့ ပြောခဲ့ တာတွေနဲ့လည်း ဆိုင်နေပါတယ်။ အကုသိုလ် ကိုတွေးရင် အကုသိုလ်ပါ။ ကုသိုလ်ကိုတွေးရင် ကုသိုလ်ပါ။ အကုသိုလ် ကိုတွေးရင် အကုသိုလ် ဆိုတော့ ဘာပြုလို့ ပြုခဲ့ ပြောခဲ့တဲ့ အကုသိုလ်တွေ ပြန်တွေး နေတော့မှာလဲ။ တွေးချင်ရင် ပြုခဲ့ ပြောခဲ့တဲ့ ကုသိုလ်ကိုပဲ တွေးတော့မှာပေါ့။
ဘဝမှာ မှားခဲ့လို့ ကိုယ့်ကိုယ်ကို မကြည်ညို ဘူးဆိုရင် အသစ်ပြန် တည်ဆောက်ရုံပါပဲ။ အထူးသဖြင့် ဝိပဿနာ တရားနဲ့ ပြန်တည်ဆောက်တာ အကောင်းဆုံးပါပဲ။ လောကမှာ ဝိပဿနာ ထက်ကောင်းတာ ဘာမှ မရှိတော့ပါဘူး။ ဝိပဿနာ အားထုတ်ရင် သီလကလည်း တွဲပါနေတာပါပဲ။ အကုသိုလ် ပယ်နည်းတွေလည်း တော်တော်များများ သိထားပြီဆိုတော့ ဝင်လာတဲ့ အကုသိုလ်ကိုလည်း ကိုယ်နဲ့ အဆင်ပြေမယ့် ပယ်နည်း တစ်ခုခု နဲ့ ပယ်ပစ်ရုံပါပဲ။
ကဲ….. စာဖတ်သူကော ကိုယ့်ကိုယ်ကို ကြည်ညိုရဲ့လား? မကြည်ညိုဘူးဆိုရင် အသစ်ပြန် တည်ဆောက် လိုက်ပါ။ ဒါဆိုရင် အသစ်ပြန်ဖြစ် သွားပါလိမ့်မယ်။ ဘာပဲဖြစ်နေဖြစ်နေ စာဖတ်သူရယ် “ ငါ တရားအားထုတ်ဖို့ အဓိက”ဆိုတဲ့အတိုင်း တရားသာ အားထုတ် လိုက်ပါတော့။ ဒါကိုတော့ ရင်ထဲက ပြောတာပါ။
ဒါဆိုရင် စာရေးသူသိပ်ကြိုက်တဲ့ စကားလေးနဲ့ပဲ နိဂုံးချုပ်လိုက်ကြပါစို့။
“ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့ အဓိကပါပဲ ”
ရဝေနွယ်(အင်းမ)
|
|
No comments:
Post a Comment