
ပညာဉာဏ်နဲ့ပြည့်စုံမှ အမှားကင်းပြီး အလင်းပေါ်နိုင်မှာပဲဖြစ်တယ်။ ပညာထက်မြတ်သောတရား မရှိဘူး။ ပညာဟာ တရားအားလုံးရဲ့ အထွတ်အမြတ်တရား၊ တဏှာပိုက်ကွန်ကို ဖြတ်တောက်နိုင်တဲ့တရား၊ ဒုက္ခအပေါင်းမှ လွတ်မြောက်စေတဲ့တရား၊ တဏှာအားလုံး ပြိုကျအောင် ဖြိုခွင်းနိုင်တဲ့အတွက် ဒုက္ခအဆုံးနိဗ္ဗာန်ကို ရောက်စေလို့ ပညာထက်မြတ်တဲ့တရား မရှိတော့ဘူး။
မိတ်ကောင်းဆွေကောင်းကို မပေါင်းသင်းမိဘဲ မိတ်ဆွေယုတ်များ နဲ့ ပေါင်းသင်းမိလျှင် တစ်ချိန်ချိန် မိမိကို ဒုက္ခပေးမှာ အသေအချာပါပဲ။ မိတ်ဆွေကောင်းဆိုတာက အချိန်တိုင်းမှာ ကိုယ့်အပေါ် ကောင်းအောင်ပဲ အကြံပြုတယ်၊ ကိုယ့်အကျိုးစီးပွါးတိုးတက်တာကို မနာလိုမဖြစ်တတ်ဘူး။ ကိုယ့်ဥစ္စာစည်းစိမ်းတွေကို စောင့်ရှောက်ပေးဖို့လိုက စောင့်ရှောက်ပေး တတ်တယ်။ မိတ်ဆွေယုတ်ကျတော့ အဲလို မဟုတ်ဘူး။ ကိုယ့်ကိုခင်လို့ပေါင်းတာမျိုးမဟုတ်၊ ကိုယ့်ဆီက ဘာရမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ လာပေါင်းသင်းတာမျိုးဆိုတော့ မရရအောင် တစ်နည်းနည်းနဲ့ အကွက်ဆင်နေမယ်။ အလိုမကျရင် ကိုယ့်ကို ချောက်ချမယ်။ စည်းစိမ်ပျက် အောင်လုပ်မယ်။ ရှေ့တစ်မျိုး ကွယ်ယာတစ်မျိုး ဟန်ဆောင်မှုတွေနဲ့ ပေါင်းသင်းမယ်။ အကြံဉာဏ်ဆိုးတွေဟာ မိတ်ဆွေယုတ်ဆီမှာ အစဉ် ရှိနေတယ်။ ဒါကြောင့် မိတ်ဆွေကောင်းရဲ့တန်ဘိုးဟာ အလွန်ကြီးမြတ်လှပါတယ်။
( ထွန်းထွန်းလှိုင်ရေးသားသော လောကီ၊ လောက္ကုတ်နှစ်ဖြာ ချမ်းသာကြီးပွားကြောင်းတရားများမှ…)
ဆိုလိုတာက ၀ါတွင်းကာလ ဥပုသ်နေ့တစ်ရက်လောက်တော့ ဥပုသ်သီလစောင့်ထိန်းခြင်း အဓိဋ္ဌာန် တစ်ခုကို ကြိုးစားပြီး လုပ်ကြည့်ကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီကောင်းတဲ့ အဓိဋ္ဌာန် တစ်ခုဟာ တစ်ခါတစ်လေ ဘ၀မှာ အခက်အခဲတွေနဲ့ ကြုံတဲ့အခါ ကိုယ်ကိုယ်ကို သစ္စာဆိုပြီး ကျော်လွှားနိုင်တဲ့အထိ အားအင်ကို ဖြစ်စေနိုင်သလို ဘ၀တစ်လျှောက်မှာ ဒီအချိန် ဒီကာလတုန်းက ဒီလိုအလုပ်တွေ လုပ်ခဲ့တယ်ဆိုတာ ကိုယ့်သမိုင်းကိုယ် သံသယကင်းစေ၊ ကိုယ်ကိုယ်ကို အားခွန်တွေ ပေးစေ၊ ယုံကြည်မှုတွေ ဖြစ်စေမှာ ဖြစ်ပါတယ်။ တစ်ပတ်မှာ ဥပုသ်နေ့ တစ်ရက်လောက်တော့ သူများအသတ်သတ်တာ၊ သူများပစ္စည်းခိုးတာ၊ မေထုန်ကိစ္စမှီဝဲတာ၊ မုသားပြောတာ၊ အရက်သေစာမူးယဇ်ဆေးဝါး သောက်စားသုံးစွဲတာ၊ နေလွဲညစားစာတာ၊ ဆိုကရေးတီးခြင်း ကြည့်ရှုနားထောင်ခြင်းနဲ့ အမွေးနံ့သာ သုံးဆောင်မှီဝဲတာ၊ ကိလေသာဖြစ်စေနိုင်တဲ့ နူးညံ့ပျော့ပြောင်းပြီး မြင့်မြတ်တဲ့ နေရာတွေမှာ နေထိုင်အသုံးပြုတာ တွေကနေ ရှောင်ကြဉ်ပြီး နေမယ်ဆိုတဲ့ အဓိဋ္ဌာန်လေးနဲ့ မပျက်အောင် ကြိုးစားနေနိုင်မယ်ဆိုရင် ဒါဟာ ကိုယ့်အတွက် အောင်မြင်တဲ့ အဓိဋ္ဌာန်တစ်ခု ဖြစ်သလို ဒီအလုပ်လေးကို တွေးတိုင်းတွေးတိုင်း အားခွန်တွေနဲ့ ကုသိုလ်ပီတိတွေ တိုးနေစေမှာပဲ ဖြစ်ပါတယ်။
“အကြင်သူသည် သဒ္ဓါသော စိတ်ဖြင့် (အင်မတန်ထက်သန်သော သဒ္ဓါတရားဖြင့်)ပေးလှူတယ်။ ထိုသူ၏ အကျိုးကတော့ ယခုဘဝမှာရော တမလွန်ဘဝမှာပါ အစဉ်တစိုက် လိုက်ပါလေတယ်။ ဒါကြောင့် “ဝန်တိုခြင်းကို ဖျောက်ပြီး အလှူကိုပေးတတ်ကြကုန်၏။ ကုသိုလ်ပုည ဟူသမျှသည် တမလွန်လောကမှာ သတ္တဝါတို့၏ မှီရာ တည်ရာ အားထားရာ ဖြစ်၏”လို့ဟောတော်မူပါတယ်။
( အရှင်ဝိမလ ( မြကျွန်းသာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ရေးသားသော ဒါန( ၃ ) မျိုး မှ…… )
မသေချာတာတွေနဲ့ ဝေ့မနေဘဲ သေချာတာကိုပဲ လုပ်ရမှာပါ။ သွားလေသူ နည်းတူပဲ ကျန်ရစ်သူတွေလည်း တစ်နေ့ သေလမ်းရောက်ကြရမှာပါ။ သွားမည့်သူတွေပေါ့။ အဲဒီလို ဘဝကူးတဲ့အခါ ကျန်ခဲ့တဲ့ သားမြေးတွေက မိမိတို့အတွက် ရည်စူးပြီး ကုသိုလ်ပြုကြပါလိမ့်ဦးမယ်။ အဲဒါကို မိမိတို့ သာဓုခေါ်ခွင့် ရကြပါ့မလား။ မသေချာပါဘူး။ ပုထုဇဉ်တို့ သဘာဝအတိုင်း သံသရာမှာ ပရမ်းပတာ ကျင်လည်ရရင် သားမြေးတွေရဲ့ အမျှဝေသံဆိုတာ ကိုယ်နဲ့မဆိုင်သလောက် ပါပဲ။ ဘဝကူးပြီးမှ သူများဆီက ကုသိုလ်အမျှကို လက်ဝေခံလုပ်ရတာ မသေချာပါဘူး။ ဒီတော့ မသေခင် ကတည်းက ကိုယ်ပိုင်ကုသိုလ်ကို ကိုယ်တိုင်ပြုလုပ်ထားရပါမယ်။ ကိုယ့်ရိက္ခာ ကိုယ်စုထားရပါမယ်။ ဒါမှသာ ဂတိကောင်းမယ်။ သံသရာ အတွက်စိတ်အေးရမယ် မဟုတ်ပါလား။
( အရှင်အာစာရ ( MR MRT ) ရေးသားသော Provision- ရိက္ခာမှ……)
No comments:
Post a Comment