"ကရုဏာကရော- ကရုဏာတော်၏ တည်ရာဖြစ်တော်မူထသော၊ ယောတထာဂတော-အကြင်မြတ်စွာ ဘုရားသည်။ ကယောပယာတံ- လက်တော်သို့ ရောက်ပြီးသော။ သုခပ္ပဒံ- ချမ်းသာခြင်း၏ တည်ရာဖြစ်သော၊ ပဒံ- နိဗာန်ကို သြသဇ- စွန့် တော်မူ၍၊ ကလိသမ္ဘဝေ- ဆင်းရဲခြင်း၏အကြောင်းဖြစ်သော ဘဝေ- သံသရာတည်းဟူသော ဘ၀၌။ ကေ၀လဒုက္ကရံ- စင်စစ်ပြုနိုင်ခဲလှသော စွန့် ခြင်းကြီးငါးပါး အစရှိသည်ကို၊ ကရံကရောန္တော - ပြုတော်မူသည်ဖြစ်၍။ ပရတ္တံ - သူတပါးတို့ ၏အကျိုးစီးပွားကို။ အကာပြုတော်မူလေပြီ။ တံတထာဂတံ- ထိုမြတ်စွာဘုရားကို။ အဟံ- ငါသည်၊ နမာမိ- ရှိခိုးပါ၏"
အထက်ပါဘုရားရှိခိုးကိုကြားယောင်ရင်းမှ လျှောင်းတော်မူ ဆင်းတုတော်ကြီး၏
ခြေအစုံ( ၀ါ ) ဂေါတမမြတ်စွာဘုရား၏ခြေတော်အစုံကို အများသတ္တ၀ါတို့ ၏ အကျိုးစီးပွားကိုသယ်ပိုးလျှက် လျှောက်လှမ်းခဲ့သောခြေတော်အစုံအဖြစ် ကျွန်တော်ကမြင်ယောင်နေမိပါသည်။ မိမိဖက်ကစွန့် လွှတ် အနစ်နာခံခြင်းများစွာဖြင့် အများကောင်းကျိုးကိုဆောင်ရွက်သယ်ပိုးဖို့  လျှောက်လှမ်းလာသော
ခြေတော်တို့ အဖြစ်လည်း ကျွန်တော်က ခံစားနေမိပါသည်။
" တနေ့ ပြီးတနေ့ ဖြတ်ကျော်၍ တသွားတည်းသွားနေရသည့် ဘ၀တလျှောက်၌...... မသိမှားမူ့ တို့ ကြောင့် ပြုမိမှား ပြောမိမှားတို့ ဖြင့် နောင်တအထွေထွေ၊ ပူပန်သောကအထွေထွေတို့  ဖြစ်ရခြင်းမှလည်းကောင်း ၊ အ၀ိဇာမှောင်၌ ယုံမှားတွေဝေခြင်းအမျိုးမျိုးဖြင့် အဆိုးကိုအကောင်းထင်၊ ဒုက္ခကိုသုခထင်လျှက် စမ်းတ၀ါးဝါးလှမ်းလျှောက်နေရာမှ လမ်းလွဲ လျှောကျရခြင်းတို့ မှလည်းကောင်း၊
မဆုံမတွေ့ လိုသော်လည်း ကြုံတွေ့ လာရတတ်သည့် မချစ်မနှစ်သက်သောသူ ၊ မချစ်မနှစ်သက်သော အရာတို့ နှင့် အတူတူခရီးဆက်ရခြင်းကြောင့် ရန်ငြိုးဒေါသတို့ ဖြင့် စိတ်ပင်ပမ်း ကိုယ်ပင်ပမ်း၊ ဖြစ်ရခြင်းတို့ မှလည်းကောင်း ၊ ချစ်သူခင်သူမြတ်နိုးရသူ၊ ချစ်သောအရာမြတ်နိုးသောအရာတို့ နှင့် ကြည်သာရွှင်ပြုံးလျှက် ခရီးအဆုံးတိုင်အတူတူသွားလိုသော်လည်း လမ်းခုလတ်၌ပင် အပြီးတိုင် ခွဲခွာနှုတ်ဆက်ခဲ့ရ၍ ကြေကြေမြည့်မြည့် ဆွေးဆွေးနင့်နင့် ဖြစ်ရခြင်းတို့ မှလည်းကောင်း၊
ရင်မဆိုင်လိုသော်လည်း ရင်ဆိုင်လာရမည့် အိုရခြင်းဒုက္ခ၊ နာရခြင်းဒုက္ခ ၊ သေရခြင်းဒုက္ခတို့ မှ လည်းကောင်းလွန်မြောက်ရာခရီးလမ်းကို ပြညွှန်ရန်အလို့ ငှာ......။
ပြညွှန်ရန်အတွက် ဤလောကသို့ လှမ်းလျှောက်လာသော ခြေတော်တို့ အနေဖြင့်လည်း ကျွန်တော်ကမြင်ယောင်ခံစားနေပါသည်။
ရုပ်ကိုသာအမှန်အရှိတရားအဖြစ် လက်ခံကြသောရုပ်ဝါဒီတို့ က စိတ်ကိုရုပ်၏ အရိပ်အယောင်အဖြစ် မှတ်ယူကြသည်။ စိတ်၏ဖြစ်စဉ်ကို ဦးနှောက်၏ဖြစ်စဉ်အဖြစ် မှတ်ယူတတ်ကြသည်။ ရုပ်ဝါဒီအားလုံးသည် အတိတ်ဘ၀ရှိသည်ဟူသောအဆိုကိုလက်မခံကြ ။ သေလျှင်နောင်ဘ၀ရှိသည် ဟူသော
အဆိုကိုလက်မခံကြ ၊ ပြုသောကံတို့ အလျှောက် အကောင်းအဆိုးဘ၀အမျိုးမျိုးတို့ 
ဆက်စပ် ဖြစ်ပေါ်နေသည်ဟူသော အဆိုကိုလည်းလက်မခံကြ ။ သက်ဆိုင်ရာရုပ်သဘောတို့ ပေါင်းစည်းမူ့ ကြောင့် " ဤယခုဘ၀ " သည် ဖြစ်လာသည်။ ဤဘ၀တခုသာလျှင် အကောင်းအဆိုး ကံအမျိုးမျိုးသည်လည်း ပြီးဆုံးပြတ်စဲသွားကြသည်ဟု ယူဆကြသည်။
အတ္တ၀ါဒကိုလက်ခံသူ၊ စိတ်အခြေခံဝတ္တုဖြစ်သည့် ၀ိညာဉ်ကိုအရှိတရားအဖြစ် လက်ခံသူတို့ ကမူ သတ္တ၀ါတဦးဦးသေလျှင် ထိုသတ္တ၀ါ ထံမှ အတ္တ သို့ မဟုတ် ၀ိညာဉ်သည် အခြားခန္တာအသစ်သို့  ပြောင်းရွှေ့ ဝင်ရောက်ပြီး ဘ၀အသစ်ထပ်၍ဖြစ်သည်။ ပြုခဲ့သောကောင်းသောကံတို့ အလျှောက်
ကောင်းသောဘ၀ ၊ ပြုခဲ့သောမကောင်းသောကံတို့ အလျှောက် မကောင်းသောဘ၀ကိုရသည်ဟု ယုံကြည်ကြသည်။ ဗုဒ္ခကမူ ရုပ်ဝါဒီတို့ ၏ တစ်ဘ၀သာရှိသည်ဟူသော အယူအဆကိုလည်း လက်မခံ အတ္တ၀ါဒီတို့ ကဲ့သို့  သတ္တ၀ါသေလျှင် အတ္တသို့ မဟုတ်ဝိညာဉ်က ထွက်ခွာသွားပြီး နောက်ခန္ခာအသစ်၌ ဘ၀သစ်ဖြစ်သည်ဟုယုံကြည်သော ယုံကြည်မူ့ မျိုးကိုလည်းလက်မခံချေ။ သတ္တ၀ါသည်သေခါနီးကာလ၌ မိမိပြုခဲ့သော ကံတို့ ကြောင့်ပင် ထင်ပေါ်လာသော နိမိတ် တမျိုးမျိုးကိုအာရုံပြုနေခိုက် စုတိစိတ်ကျသည်နှင့် တပြိုင်နက် အကြားမရှိ " ကြား " မရှိပဲဘ၀တခု ဆက်၍ဖြစ်သည်ဟု ဖေါ်ပြခဲ့၏။
"ဘ၀သံသရာသည် ရှိသည်ဆိုလျှင်..." ဟူသောအတွေးသံစဉ်နှင့်အတူ ... ထိုသံသရာခရီး၌ အများကောင်းကျိုးကို ထူးထူးခြားခြား သယ်ပိုးရွက်ဆောင်ခြင်းမရှိပဲ လျှောက်လှမ်းခဲ့သော ကျွန်တော့်ခြေလှမ်းများကို မြင်မိနေပါသည်။ ထိုသံသရာမှလွတ်မြောက်အောင်လည်း မကြိုးစား အားမထုတ်ပဲ အိုခြင်း၊ နာခြင်း၊ သေလွန်ရခြင်း၊ ငိုခြင်း၊ ရှိုက်ခြင်း၊ မောဟိုက်နွမ်းနယ်ခြင်းတို့ ကြား၌ မျှော်လင့်ချက်များ တွယ်တာမူ့ များဖြင့် သံသရာရှည်သ၍ လျှောက်မည့်ဟန်ပြင်နေသည့် ကျွန်တော့် ခြေတို့ ကိုမြင်လျှက်လည်းရှိပါသည်။ မရေမတွက်နိုင်သော ခြေပေါင်းများစွာကို မြင်လိုက်ရာမှ မဖေါ်ပြတတ်သော ထိတ်လန့် မူ့ တရပ်ကကျွန်တော့်စိတ်ထဲတွင်ဖြစ်ပေါ်လာသည်။
ကျွန်တော်က လျှောင်းတော်မူ ဆင်းတုတော်ကြီး၏ ခြေအစုံကို ရိုသေစွာဖြင့် ဦးညွှတ်ရှိခိုးလိုက်ပါသည်။
ဗုဒ္ခမြတ်စွာ၏ ခြေတော်တို့ သည် အများကောင်းကျိုးကို အစွမ်းကုန်ရွက်သယ်ပိုးဖို့ လျှောက်လှမ်းခဲ့သော ခြေတော်တို့ ဖြစ်ကြသည်တကား။
အများကောင်းကျိုးကို အကောင်းဆုံးရွက်သည်ပိုးပြီး၍ ဘယ်အခါမှ သံသရာခရီးကိုနောက်ထပ်တဖန် မလျှောက်လှမ်းတော့သော ခြေတော်များလည်း ဖြစ်ကြပေသည်တကား......။
နေအတန်ညိုပြီဖြစ်၍ မနူဟာဂူဘုရားမှ ကျွန်တော်တည်းခိုရာနေရာသို့ လျှောက်လာခဲ့ပါသည်။ ကျွန်တော်၏ ခြေလှမ်းများကို အချည်းနှီး ခြေလှမ်းများမဖြစ်အောင် သတိထား၍ လျှောက်နေမိပါသည်။ ။
ဆရာနန္ဒာသိန်းဇံ၏ "အရိမဒ္ဒနမှ တွေးမြင်ရနံ့ တို့ ဝေ့ပျံ့ နေဆဲ..."
စာအုပ်မှ ကောက်နှုတ်ဖေါ်ပြခြင်းပါ~~~
ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းကြပါစေ~~~
No comments:
Post a Comment