လူ့ ဘ၀ကိုရတာ အသိဥာဏ်ရဖို့ ပါ။
ဘ၀ရဲ့အနှစ်သာရဟာအသိဥာဏ်ပါ။
အသိဥာဏ်ဆိုတာမှာ တရားအသိဥာဏ်က အဓိကပါ။
*~~~~~~*~~~~~~*~~~~~~*
လူ့ ဘ၀ကိုရတာ မြင့်မြတ်တဲ့စိတ်ထား၊
လေးနက်မှန်ကန်တဲ့အသိဥာဏ်ရမှသာ လူဖြစ်ရကျိုးနပ်မယ်။
*~~~~~~*~~~~~~*~~~~~~*
ဘာအသိဥာဏ်မှတိုးမလာပဲ တနေ့ တာကုန်သွားတာ
စားလိုက်သောက်လိုက် ငိုလိုက် ရယ်လိုက်နဲ့ တနေ့ တာ ကုန်သွားတာ
တွက်ခြေမကိုက်ဘူး နှမြောစရာကောင်းတယ်။
တနေကုန်သွားလို့ သေဖို့ တရက်နီးလာတာကလွဲလို့  ဘာမှထူးခြားမူ့ မရှိဘူး။
*~~~~~~*~~~~~~*~~~~~~*
ဘ၀ဟာ အကောင်းဆုံးစာအုပ်ဖြစ်တယ်။
ခန္တာဟာ အကောင်းဆုံးစာအုပ်ဖြစ်တယ်။
စိတ်ဟာ အကောင်းဆုံးစာအုပ်ဖြစ်တယ်။
*~~~~~~*~~~~~~*~~~~~~*
ဥာဏ်နဲတဲ့သူအဖို့ အရေးမကြီးဘူးလို့ ထင်တဲ့ကိစ္စဟာ
ဥာဏ်ပညာကြီးတဲ့သူအဖို့ သိပ်အရေးကြီးတာ၊ လေးနက်တာဖြစ်တတ်တယ်။
တကယ်တော့ဘယ်အရာကိုပဲဖြစ်ဖြစ် လေးလေးနက်နက်နားလည်ဖို့ လိုပါတယ်။
*~~~~~~*~~~~~~*~~~~~~*
ဥာဏ်ပညာကြီးတဲ့သူတွေဟာ မမှားဘူးပဲနဲ့ ဥာဏ်ပညာကြီးတဲ့သူဖြစ်လာတာမဟုတ်ပါဘူး။
အမှားကိုသိပြီးကိုယ့်ဟာကိုယ်ပြုပြင်နိုင်လို့ အမှားနည်းသွားပြီးပညာရှိဖြစ်လာတာ။
မမှားဖူးတဲ့သူမရှိပါဘူး။ အမှားကင်းဖို့ ဆိုတာလည်းသိပ်တော့မလွယ်ဘူး။
အမှားနည်းဖို့ ပဲကြိုးစားရမှာ။ အမှားတခုကို ထပ်ခါထပ်ခါမမှားဖို့ 
မလုပ်မိဖို့ ပဲလိုပါတယ်။
*~~~~~~*~~~~~~*~~~~~~*
သတိနဲ့ ဥာဏ်နဲ့ နေတဲ့သူဟာ ဒုက္ခနဲ့ တွေ့ တဲ့အခါဒုက္ခထဲက ပညာရပြီးတော့
ကောင်းတာကိုကြိုးစားပြီးတော့လုပ်သွားနိုင်တယ်။
အဆိုးနဲ့ တွေ့ တဲ့အခါမှာ မှန်တာ ကောင်းတာကိုဆက်လုပ်နိုင်တဲ့သူ၊
သဘောထားမှန်အောင်ထားနိုင်တဲ့သူ သဘောထားကြီးတဲ့သူဟာ
မကြာခင်ကောင်းတာတွေ့ ကြုံရမှာသေချာတယ်။
*~~~~~~*~~~~~~*~~~~~~*
အဆိုးနဲ့ တွေ့ ရတဲ့အခါ မှားတာတွေထပ်လုပ်ရင် ကိုယ့်အမှားရဲ့ဒဏ်ကို
ကိုယ်ပြန်ခံရပြီးတော့ အခြေအနေပိုဆိုးသွားမယ်။
သူများမှားလို့ ကိုယ်ခံရတာထက် ကိုယ်မှားလို့ ကိုယ်ခံရတာကပိုဆိုးပါတယ်။
*~~~~~~*~~~~~~*~~~~~~*
အမှားများတဲ့သူ သဘောထားမှားနေတဲ့သူ သဘောထားသေးတဲ့သူဟာ
စိတ်ဝေဒနာဖြစ်တယ်...။
*~~~~~~*~~~~~~*~~~~~~*
ရေရှည်မှာ ကိုယ်နဲ့ ထိုက်တန်တာကိုယ်ရတယ်။
ရေရှည်ကိုကြည့်ပါ...။ မျက်တောင်တဆုံးမကြည့်ပါနဲ့ ။
မျက်စိတဆုံးကြည့်ပါ။
*~~~~~~*~~~~~~*~~~~~~*
တကယ်လေးနက်တဲ့အသိဥာဏ်ကိုဘ၀ထဲကပဲရနိုင်တယ်။
ဒီနေ့ ငါဘယ်လိုအသိဥာဏ်မျိုးရလိုက်သလဲဆိုတာနေ့ စဉ်မေးသင့်တယ်။
*~~~~~~*~~~~~~*~~~~~~*
ဘ၀မှာ သင်ခန်းစာယူစရာမရှိတဲ့အချိန်အခါ
အရွယ် အသက်အပိုင်းအခြားဆိုတာမရှိဘူး။
အသက်ရှင်နေရင် သင်ခန်းစာယူစရာတွေရှိနေသေးတာပဲ။
*~~~~~~*~~~~~~*~~~~~~*
ပျော်ဖို့ ထက် ဘ၀ကို အဓိပ္ပါယ်ရှိရှိနေဖို့ ကပိုအရေးကြီးပါတယ်။
ပျော်ဖို့ သက်သက်ကိုဦးစားပေးတဲ့သူများမှာ လေးနက်မူ့ မရှိဘူး။
မကြာခင်စိတ်ဆင်းရဲမူ့ နဲ့ ကြုံရမယ်။
ပျော်ဖို့ ဦးစားပေးကြတဲ့သူတွေ ဘ၀ဇတ်သိမ်းမကောင်းတာတွေ့ ရတယ်။
အဓိပ္ပါယ်ရှိရှိနဲ့ နေချင်ရင် အမြဲတမ်းသတိနဲ့ နေပါ။
*~~~~~~*~~~~~~*~~~~~~*
သတိနဲ့ နေတဲ့သူ၊ သတိနဲ့ လုပ်တဲ့သူ၊
သတိနဲ့ ပြောတဲ့သူအတွက် အရာရာတိုင်းဟာ အဓိပ္ပါယ်ရှိပါတယ်။
*~~~~~~*~~~~~~*~~~~~~*
*
*
*
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)
ဟောကြား ရေးသားတော်မူသော
"ဘ၀ဆိုတဲ့ကျောင်း"တရားစာအုပ်မှကောက်နှုတ်မျှဝေခြင်းပါ...
ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
No comments:
Post a Comment