ကိုယ်ဝယ်စရာလေးတခုရှိလို့ အပြင်ကိုထွက်လာခဲ့တယ်...။
ရာသီဥတုကအေးစိမ့်စိမ့်နဲ့  ရွာထားတဲ့မိုးရေအိုင်လေးတွေလမ်းပေါ်မှာ
ဟိုတကွက်ဒီတကွက်နဲ့ ကြည့်ရတာတမျိုးလေးကြည်နူးစရာကောင်းနေသလိုပါပဲ။
အခုလိုရာသီမှာ ညနေ ၆ နာရီအချိန်က နေ၀င်ရီတရောမှောင်စပြုနေပါပြီ...။
( ဒီမှာက နွေရာသီဆိုရင်တော့ည ၉ နာရီလောက်မှနေကွယ်ပါတယ် )
ကိုယ်ရှော့ပင်းစန်တာကိုရောက်လာတော့ကားရပ်ဖို့ နေရာရှာရင်းနဲ့ 
ဟိုးခပ်ဝေးဝေးတနေရာမှာခိုကလေးတွေ ကားရပ်တဲ့နေရာမှာရှိနေတာကိုတွေ့ လိုက်ပါတယ်။
(ကိုယ်ကဒီနေရာလေးမှာ မကြာခဏ ဆိုသလိုခိုလေးတွေကိုအစာလာကြွေးနေကျပါ...။
သူတို့ ကပေါင်မုန့် လေးတွေသိပ်ကြိုက်တယ်...။)
ဒီအချိန်ဆိုရင် သူတို့ အစာမရှာတော့ပါဘူး...အိပ်တန်းတက်နေလောက်ပါပြီ...
ဘာလို့ အခုအဲဒီနားမှာရှိနေတာလဲလို့ ကိုယ်အနားကိုသွားကြည့်တော့...
ကိုယ်မြင်တွေ့ လိုက်ရတဲ့မြင်ကွင်းက ကိုယ့်ကိုအရမ်းကြေကွဲသွားစေပါတယ်...။
ခိုကလေးနှစ်ကောင်က ကားတိုက်ခံရလို့ နေရာမှာတင်သေဆုံးနေပြီး
သူတို့ နဲ့ မလှမ်းမကမ်း ပလက်ဖောင်းနားမှာတော့ဒဏ်ရာနဲ့ ဘယ်မှမသွားနိုင်တော့တဲ့
ခိုလေးတကောင်က ရွာထားတဲ့မိုး ရေအိုင်နားမှာလဲနေပါတယ်...။
သူ့ ကိုကြည့်ရတာအရမ်းကြောက်နေသလိုပါပဲ...
ကိုယ်သူ့ ကိုဖြေးဖြေးလေးမယူလိုက်တော့ သူ့ ကိုယ်လေးတုန်နေတယ်...။
ကိုယ့်ရဲ့ကားအနောက်ခန်းမှာမျက်နှာသုတ်ပုဝါလေးနဲ့ သူ့ ကိုနွေးအောင်ပတ်ပြီးထားလိုက်ပါတယ်။
သေဆုံးနေတဲ့ခိုကလေးနှစ်ကောင်ကိုတော့ကိုယ် ဒီအတိုင်းမထားခဲ့ရက်တာနဲ့ 
ပလပ်စတစ်အိတ်လေးတခုထဲမှာသေချာထည့်ပြီးကိုယ့်ခြံထဲမှာကောင်းမွန်စွာနဲ့ 
မြှုပ်ပေးဖို့ ယူလာခဲ့ပါတယ်...။
ခိုကလေးလန့် ပြီးထပျံမှာစိုးလို့ ကားကိုဖြေးဖြေးလေးမောင်းပြီးကိုယ်အိမ်ကိုပြန်လာခဲ့ပါတယ်။
တလမ်းလုံးကိုယ်စဉ်းစားခဲ့မိတယ်...။ ဒီခိုကလေးတွေကိုကားနဲ့ တိုက်လိုက်တဲ့သူဟာ
သူတို့ ရင်ထဲမှာနှလုံးသားရောရှိရဲ့လားလို့ ....ကိုယ်တွေးမိတယ်။
ခိုကလေးရဲ့နေရာမှာဝင်ပြီးခံစားကြည့်ပါလား..သူတို့ ဘယ်လိုများနေမလဲ ကိုယ်သိချင်တယ်။
ကားတိုက်ခံရပြီးသေဆုံးနေတဲ့အဲဒီခိုကလေးနှစ်ကောင်ဟာ အသက်မသေပဲကျန်နေခဲ့တဲ့ခိုကလေးရဲ့
သိပ်ချစ်ရတဲ့ မိဘလည်းဖြစ်ချင်ဖြစ်မယ်...သူချစ်တဲ့သူလည်းဖြစ်ချင်ဖြစ်မယ်...သူ ခင်မင်ရတဲ့
သူနဲ့ အတူပျံသန်းနေတဲ့သူ့ ရဲ့မိတ်ဆွေတွေလည်းဖြစ်ချင်ဖြစ်မယ်...အဲဒီလိုသူချစ်ရတဲ့သူတွေ
သူ့ အရှေ့ မှာသေဆုံးသွားပြီး သူကိုယ်တိုင်ကျတော့ ဒဏ်ရာတွေနဲ့ လဲပြီးဘယ်မှမပျံနိုင်ပဲ
ကယ်သူမဲ့နေတဲ့အခါ သူ့ ရင်ထဲမှာဘယ်လောက်များကြေကွဲနေရှာမလဲ...
ဘယ်လောက်များဝမ်းနည်းအားငယ်ပြီးကြောက်ရွံနေရှာမလဲ...
သူ့ ခမြာသေဘေးနဲ့ ရင်ဆိုင်နေရတာမဟုတ်လား...။
ကိုယ်တွေးရင်းသူ့ ကိုအရမ်းသနားနေမိတယ်...။
ပြီးတော့စာနာစိတ်မရှိတဲ့လူတွေကိုလည်းကိုယ်အံ့သြမိပါရဲ့............။
အိမ်ရောက်တော့သူ့ ကိုရေနဲ့ အစာလေးကြွေးကြည့်တော့
သူမစားဘူး...ဒီအတိုင်းပဲကြည့်နေတယ်...။
သူအရမ်းဝမ်းနည်းနေမှာပေါ့လေ...ဘယ်စားနိုင်မှာလဲ။
သူ့ ကိုနွေးနွေးထွေးထွေးလေးလုပ်ပြီးကိုယ်စာဖတ်နေတဲ့အခန်းမှာပဲထားလိုက်ပါတယ်။
နောက်နေ့ မနက်ကျတော့သူ့ ကိုယ်မှာရှိတဲ့ဒဏ်ရာတွေကိုကိုယ်ကြည့်တော့
သူ့ ရဲ့ခြေထောက်လေးတဖက်ညိုမဲပြီးယောင်နေတယ်...သူ့ ရဲ့အမြီးတွေတခြမ်းလုံးမရှိတော့ဘူး။
သူ့ ကျောကုန်းမှာလဲညိုမဲပြီးသွေးစလေးတွေရှိနေတယ်...။ သူကခိုအမကလေးပေါ့...။
ကိုယ်လည်းတရိစ္ဆာန်ဆေးကုဆရာဝန်ဆီသူ့ ကိုခေါ်သွားပြီးပြကြည့်မယ်လို့ စဉ်းစားမိရင်း
ကိုယ့်အိမ်နဲ့ သိပ်မဝေးတဲ့ဆေးခန်းလေးတခုကိုသွားပြပါတယ်။
ဟိုရောက်တော့ဆရာဝန်ကဘာပြောလဲဆိုတော့ ဒီခိုတွေကအိမ်မွေးတရိစ္ဆာန်မဟုတ်တဲ့အတွက်
သူတို့ မှာကုသခွှင့်မရှိဘူးတဲ့... သူတို့ ကိုသဘာဝတရိစ္ဆာန်တွေစောင့်ရှောက်တဲ့ဋ္ဌာနကိုပို့ 
လိုက်ပါတဲ့...။ အဲဒီဋ္ဌာနကဒီခိုလေးကိုဘာလုပ်ပေးမလဲလို့ မေးကြည့်တော့...
ဆရာဝန်ကပြောတယ်...သူတို့ က ကုကြည့်လို့ ရရင်ကုပြီးပြန်လွှတ်ပေးမယ်တဲ့...
ကုကြည့်လို့ မရရင်တော့ ဆေးထိုးပြီးသတ်လိုက်သတဲ့....။
ကြားရတာစိတ်မချမ်းသာလိုက်တဲ့ဖြစ်ခြင်းပါပဲ...။
ကိုယ်စဉ်းစားမိတာကဆရာဝန်ပြောတဲ့ဋ္ဌာနကိုပို့ လိုက်လို့ ဒီခိုလေးကို
ဆေးမကုပေးပဲသတ်လိုက်ရင်ဘယ့်နှယ့်လုပ်မလဲ...
သူ့ ကိုကိုယ်ကသေမင်းလက်ထဲသွားအပ်ပေးလိုက်သလိုဖြစ်နေတော့မှာပေါ့...။
ဒါနဲ့ ကိုယ်ဆုံးဖြတ်လိုက်တယ်...ကိုယ့်ဟာကိုယ်ပဲကုမယ်လို့ ဆိုပြီးတော့
သူ့ ကိုအိမ်ပြန်ခေါ်လာခဲ့ပါတယ်...။ အိမ်ရောက်တော့သူ့ ခြေထောက်လေးကို
ဆေးထည့်ပြီးပတ်တီးစည်းထားပေးလိုက်ပါတယ်...။
ပြီးတော့သူ့ ကိုအစာလေးကြွေးပြီးရေတိုက်တော့ သူဆာနေတယ်ထင်တယ်
အစာလည်းစားတယ် ရေလည်းသောက်တယ်...။
ကိုယ်လည်းသူ့ ကိုကြည့်ပြီးအရမ်းပျော်သွားတယ်...။
ဒီလိုနဲ့ တပတ်လောက်ကြာတော့သူ့ ခြေထောက်လေးကိုသူပြန်ထောက်လာနိုင်တယ်။
ဟိုဟိုဒီဒီလမ်းလျှောက်ပြီးသူသွားနိုင်လာတယ်...။
ဒါပေမယ့်သူ့ အမြီးကတ၀က်ပဲရှိတော့သူမပျံနိုင်ဘူး...။
ကိုယ်ကသူဘယ်တော့မှပျံနိုင်မှာမဟုတ်တော့ဘူးလို့ ထင်နေတာပေါ့...။
အံ့သြစရာကောင်းတာက နှစ်ပတ်လောက်ကြာတော့သူ့ အမြီးလေးတွေ ပြန်ပေါက်လာတယ်။
နေပြန်ကောင်းလာတော့သူကအိမ်မှာဗိုလ်ကျနေတော့တယ်...။
သူကဆိုဖာပေါ်မှာပဲနေတယ်...တခြားဘယ်နေရာမှသူ့ ကိုထားလို့ မရဘူး။
သူမနေဘူး...။ နေ့ ရောညရောအဲဒီနေရာမှာပဲနေတယ်..။
သူစွန့် တဲ့အညစ်အကြေးတွေကိုကိုယ်ကဒိုင်ခံပြီးလိုက်သိမ်းပေါ့လေ...။ :)
ဒီလိုနဲ့ သူအိမ်ထဲမှာလိုက်ပျံပြီးသွားကြည့်တယ်...သူတော်တော်ပျံနိုင်လာတယ်။
ဒီနေ့ တော့ခိုကလေးနဲ့ ကိုယ်နှုတ်ဆက်ခွဲခွါရမယ့်နေ့ ပါပဲ...။
ကိုယ့်စိတ်ထဲမှာဝမ်းနည်းနေသလိုပါပဲ...။ အော်...သံယောဇဉ်....
သူ့ ကိုသူကျင်လည်ကျက်စားရာနေရာလေးကိုခေါ်လာတော့သူပျော်နေတဲ့ပုံပါပဲ...။
သူ့ အဖေါ်တွေဟိုးတိုက်ခေါင်မိုးပေါ်မှာရှိနေကြတယ်...။
ကိုယ်ဝယ်လာတဲ့ပေါင်မုန့် လေးတွေဖြန့် ကျဲလိုက်တော့သူတို့ လေးတွေပျံဆင်းလာကြတယ်။
အဲဒီအခါကျမှကိုယ့်ငှက်ကလေးကိုသူတို့ နဲ့ အတူပျံလိုက်သွားလို့ ရအောင်
သူတို့ အနားမှာလွှတ်ပေးလိုက်တယ်...။ အစာစားပြီးတော့ကိုယ့်ငှက်ကလေး
ဟိုးအဝေးကြီးကိုသူ့ အဖေါ်တွေနဲ့ အတူလိုက်ပျံသွားတော့တယ်...။
ပျော်ရွှင်ပါစေငှက်ကလေးရေ..............................။
ခိုကလေးတကောင်ကိုကယ်တင်ခွှင့်ရလိုက်တဲ့ကျန်ရစ်သူ
ကိုယ့်ရင်ထဲမှာတော့ဖေါ်မပြနိုင်တဲ့ကြည်နူးမူ့ တွေနဲ့ ပါပဲ...........။
No comments:
Post a Comment