အခုဒကာ မင်းသီဟသော် သိချင်တဲ့ ဂုဏ်တော်ပွားခြင်းအကျိုးဆိုတာလည်း ဘုရားဂုဏ်တော်ပွားခြင်း အကျိုးပဲလို့ ယူဆပါတယ်။
ဂုဏ်တော်ပွားတယ်ဆိုတာ တကယ်တော့ မိတ္တူကူးတာပါ။ မြတ်စွာဘုရားရှင်မှာရှိတဲ့ စိတ်ကောင်းစိတ်မြတ်တွေ၊ ဓာတ်ကောင်း ဓာတ်မြတ်တွေကို ကိုယ့်စိတ်ထဲ ကိုယ့်နှလုံးသားထဲမှာ စိမ့်ဝင်ပျံ့နှံ့လာအောင် မိတ္တူကူးယူတာပါ။ မြတ်စွာဘုရားရှင်ရဲ့ စိတ်ဓာတ် အရည်အသွေးတွေ၊ လုပ်ရပ် အရည်အသွေးတွေ ကိုယ့်ဘ၀ထဲ ရောက်လာအောင် မိတ္တူကူးယူတာပါ။
မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တစ်ခုကို ပွားရင် အဲဒီဂုဏ်တော်တစ်ခုရဲ့ အရည်အသွေးမျိုး ကိုယ့်စိတ်မှာ ကူးစက်လာပါတယ်။ ဥပမာ၊ ‘လိုချင်မှုကင်းစင်တော်မူသော မြတ်စွာဘုရား’လို့ပွားလိုက်ရင် ကိုယ့်စိတ်မှာလည်း လိုချင်မှု ကင်းစင်တဲ့ဓါတ်တွေ ကူးစက်လာပါတယ်။ ‘သံယောဇဉ်ကင်းစင်တော်မူသော မြတ်စွာဘုရား၊’လို့ ပွားလိုက်ရင် ကိုယ့်စိတ်မှာလည်း သံယောဇဉ် ကင်းစင်တဲ့ဓာတ်တွေ စိမ့်ဝင်လာပါတယ်။
တစ်ခါပွားရင် တစ်ခါကူးစက်၊ တစ်ခါပွားရင် တစ်ခါစိမ့်ဝင်နဲ့ ပွားဖန်များလာတဲ့အခါ ကူးစက်စိမ့်ဝင်မှုအားကောင်းပြီး မြတ်စွာဘုရားရှင်မှာရှိတဲ့ အရည်အသွေးမျိုး ကိုယ့်မှာလည်းကိုယ်အတိုင်းအတာနဲ့ကိုယ် ပြည့်စုံလာပါတယ်။ မြတ်စွာဘုရားနဲ့ ထပ်တူထပ်မျှကြီးတော့ မဖြစ်နိုင်ဘူးပေါ့။
ဂုဏ်တော်ပွားခြင်းကြောင့် မြတ်စွာဘုရားရှင်ရဲ့ စိတ်ကောင်းစိတ်မြတ်တွေ၊ ဓာတ်ကောင်းဓာတ်မြတ်တွေ ကိုယ့်နှလုံးသားမှာ ကူးစက်လာပြီဆိုရင် ကိုယ့်နှလုံးသားဟာလည်း နှလုံးသားကောင်း နှလုံးသားမြတ် ဖြစ်သွားပါတယ်။
ကောင်းမြတ်တဲ့ နှလုံးသားပိုင်ရှင်ဟာ ဘာပဲလိုလိုရပါပြီ၊ ဘာပဲတတ ရပါပြီ။ ကောင်းကျိုးချမ်းသာတွေဆိုတာ စိတ်ကောင်း စိတ်မြတ်ရဲ့ ရလဒ်၊ ဓာတ်ကောင်းဓာတ်မြတ်ရဲ့ အကျိုးဆက်တွေပဲ မဟုတ်လား။
ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က ‘ဂုဏ်တော်ပွားရင် လိုအင်ဆန္ဒပြည့်ဝတယ်’လို့ မိန့်ကြားတော်မူထားပါတယ်။ ဂုဏ်တော်ပွားသူရဲ့ နှလုံးသားမှာ လိုတရဓာတ်တွေ ကိန်းဝပ်နေတာမို့ ‘ဂုဏ်တော်နှလုံးသား’ဟာ လိုအင်ဆန္ဒကိုလည်း ပြည့်ဝစေနိုင်၊ လိုအပ်ချက်ကိုလည်း ပြည့်စုံစေနိုင်တဲ့ ‘လိုတရနှလုံးသား’ပါပဲ။
ကိုယ့်စိတ်၊ ကိုယ့်နှလုံးသားကိုတော့ ကောင်းမြတ်အောင်မလုပ်ဘူး၊ ကောင်းကျိုးချမ်းသာကျတော့ လိုတရချင်တယ်ဆိုရင် သဘာဝမကျပါဘူး။ ‘စိတ်ကောင်းမှ ကံကောင်းတယ်၊ ကံကောင်းမှ အကျိုးပေးကောင်းတယ်’ဆိုတာကို လုံးဝ မမေ့လိုက်ပါနဲ့။ ဂုဏ်တော်ပွားတယ်ဆိုတာ ကိုယ့်စိတ်ကို အကောင်းဆုံးဖြစ်အောင် လုပ်နေတာပါ။
စံပယ်ပန်း ထုပ်တဲ့ဖက်ရွက် စံပယ်ပန်းရနံ့သင်းသလို ဂုဏ်တော်ပန်းထုပ်တဲ့ နှလုံးသားဖက်ရွက်ဟာလည်း ဂုဏ်တော်ရနံ့ သင်းပျံ့လာပါတယ်။ ကိုယ်ပွားနေတဲ့ ဂုဏ်တော်နဲ့ သက်ဆိုင်တဲ့ သဘောသဘာဝတွေ၊ ဓာတ်သတ္တိတွေ အရှိန်ဟပ် ကူးစက်လာပါတယ်။ စိတ်အေးတဲ့ဂုဏ်ကိုပွားနေရင် ကိုယ့်စိတ်လည်းအေးလာပြီး ဥာဏ်ကြီးတဲ့ဂုဏ်ကို ပွားနေရင် ကိုယ့်ဥာဏ်လည်း ကြီးလာပါတယ်။
မိတ္တူစာရွက်မှာ မူရင်းစာသား၊ မူရင်းပုံရိပ်တွေ ကောင်းကောင်းထင်ဖို့အတွက် မိတ္တူကူးစက်အရည်အသွေးကောင်းဖို့ လိုအပ်သလို နှလုံးသားစာရွက်မှာ ဂုဏ်တော်သတ္တိ၊ ဂုဏ်တော်ပုံရိပ်တွေ ပီပီပြင်ပြင် ထင်ထင်ရှားရှားကူးစက်ဖို့အတွက်လည်း ‘ဂုဏ်တော်အသိ’ဆိုတဲ့ မိတ္တူကူးစက် အရည်အသွေးကောင်းဖို့ အထူးလိုအပ်ပါတယ်။
ဂုဏ်တော်တွေကို ပါဠိသက်သက် သိထားရုံနဲ့ မိတ္တူကူးစက် အရည်အသွေးမကောင်းသေးပါဘူး။ ကိုယ်နေ့စဉ်အမြဲသုံးနှုန်းနေတဲ့ ဘာသာစကားနဲ့ ပိုင်ပိုင်နိုင်နိုင်အဓိပ္ပာယ်သိမှ မိတ္တူကူးစက် အရည်အသွေး ကောင်းပါတယ်။ မြန်မာစကား အမြဲသုံးနှုန်းရင် မြန်မာလို၊ မွန်စကားအမြဲသုံးနှုန်းရင် မွန်လိုပေါ့။ အင်္ဂလိပ်စကားအမြဲသုံးနှုန်းရင် အင်္ဂလိပ်လို၊ ဂျပန်စကားအမြဲသုံးနှုန်းရင် ဂျပန်လိုပေါ့။
မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာစကားကိုပဲ အဓိက သုံးနှုန်းကြတာဖြစ်လို့ ဘုရားဂုဏ်တော်တွေကို မြန်မာလို အဓိပ္ပာယ် ကျေကျေညက်ညက်သိအောင် လေ့လာထားဖို့ သိပ်အရေးကြီးပါတယ်။
ဂုဏ်တော်မပွားခင်မှာသာ မြန်မာလို သိထားရမှာမဟုတ်ပါဘူး၊ တကယ်ဂုဏ်တော်ပွားနေတဲ့ အချိန်မှာလည်း မြန်မာလို ပွားရမှာပါ။ မြန်မာလူမျိုးတွေအတွက် ဘုရားဂုဏ်တော်ကို မြန်မာလိုပွားတာ အကောင်းဆုံးပါပဲ။ ပါဠိပါမှ အားရတယ်ဆိုရင်လည်း ပါဠိ-မြန်မာ တွဲဖတ်ပြီး ပွားနိုင်ပါတယ်။ ပါဠိသက်သက်ရွတ်ပွားနေတာထက် အဆပေါင်းများစွာ ပိုထိရောက်ပါတယ်။ လူကြိုက်များစကားနဲ့ ပြောရရင် အဆပေါင်းများစွာ ပိုအစွမ်းထက်ပါတယ်။ အဆပေါင်းများစွာ ပိုတန်ခိုးကြီးပါတယ်။
ပါဠိသက်သက် ရွတ်နေတာထက် ပါဠိ-မြန်မာ တွဲပွားတာ၊ သို့မဟုတ် မြန်မာလိုသက်သက် ပွားတာက အခေါက်ရေ အပတ်ရေတော့ နည်းသွားနိုင်ပါတယ်။ ဒါပေမဲ့ တစ်ကျပ်တန် အရွက်တစ်ရာထက် တစ်ထောင်တန် တစ်ရွက်က ပိုတန်ဖိုးကြီးတာမို့ အခေါက်ရေ၊ အပတ်ရေဆိုတဲ့ အရေအတွက်ကို အဓိကမထားဘဲ တစ်ခါက်ဆို တစ်ခေါက် အရည်အသွေး ပြည့်ဝဖို့ကိုပဲ ဦးစားပေး စေချင်ပါတယ်။
မြန်မာလို ဆက်တိုက်ပွားနေမှ အဓိပ္ပာယ် ဆက်တိုက်သိပြီး ဘုရားကို ကြည်ညိုတဲ့စိတ်တွေလည်း ဆက်တိုက် ဖြစ်ပေါ်လာပါတယ်။ ဂုဏ်တော်ရဲ့ ဓာတ်သတ္တိတွေလည်း နှလုံးသားမှာ ဆက်တိုက်ကူးစက်လာပါတယ်။
မြန်မာလို အဓိပ္ပာယ် သိမနေဘဲနဲ့ မြန်မာတစ်ယောက်ရဲ့ နှလုံးသားမှာ ဂုဏ်တော်ရဲ့ ဓာတ်သတ္တိတွေ ကူးစက်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြစ်ခဲ့ရင်တောင်မှ နည်နည်းပါးပါး လျားလျားလှပ်လှပ် မဆိုစလောက်လေးပဲ ဖြစ်ပါလိမ့်မယ်။ ပါဠိသက်သက် ရွက်ပွားနေတဲ့အတွက် ကုသိုလ်တော့ ရချင်ရမှာပေါ့ ။ ဓာတ်ကူးစက်ဖို့တော့ သိပ်မလွယ်ပါဘူး။
မီးအားပြည့်မှ မိတ္တူအရည်အသွေားကောင်းသလို သတိဝီရိယ အားကောင်းမှလည်း ဓာတ်ကူးစက်မှု အရည်အသွေး ပြည့်ဝနိုင်ပါတယ်။ ဘုရားရှေ့ရောက်မှ ဂုဏ်တော်ပွားတာမျိုး မဟုတ်ဘဲ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်း၊ စားရင်းသောက်ရင်း၊ လျှော်ရင်းဖွပ်ရင်းနဲ့ အမြဲမပြတ် မကြာမကြာ ပွားများသွားမယ်ဆိုရင် သတိဝီရိယမီးအား ကောင်းတဲ့အတွက် ဘုရားမှာရှိတဲ့ ဓာတ်ကောင်းဓာတ်မြတ်တွေ ကူးစက်ချင်တိုင်း ကူးစက်ပြီး ကိုယ့်စိတ်၊ ကိုယ်နှလုံးသားဟာလည်း အကောင်းဆုံး၊ အမြတ်ဆုံး ဖြစ်နေတော့မှာပါပဲ။
မိတ္တူစာရွက်အရည်အသွေးကောင်းမှ မိတ္တူပုံရိပ်ပိုထင်းရှားသလို စိတ်အခံ ဖြူဖွေးသန့်စင်မှ ဓာတ်ကူးစက်မှု ပိုထင်းရှားနိုင်ပါတယ်။ စိတ်အခံ ဖြူဖွေးသန့်စင်ဖို့အတွက် စိတ်ကောင်းနှလုံးကောင်းလည်းမွေး၊ လေ၀င်တိုင်း၊ လေထွက်တိုင်း နှာသီးဝမှာ လေထိသွားတဲ့ သဘောကိုလည်း မကြာခဏ သတိကပ် ရှုမှတ်ပြီး ကိုယ့်စိတ်ကိုယ် ဖွပ်လျှော်ပေးသင့်ပါတယ်။
စနစ်တကျ ဂုဏ်တော်ပွားခြင်းကြောင့် ဘုရားမှာရှိတဲ့ ဓာတ်ကောင်းဓာတ်မြတ်တွေ ကူးစက်ပြီး စိတ်ကောင်းစိတ်မြတ်ပိုင်ဆိုင်သူ လူကောင်းလူမြတ် ဖြစ်နိုင်ပါတယ်။
မကောင်းမှုအကုသိုလ်တွေ ရှောင်ကြဉ်ဖြစ်ပြီး ကောင်းမှုကုသိုလ်တွေ တစ်နေ့တခြား တိုးပွားလာနိုင်ပါတယ်။ စိတ်ဓာတ်ခိုင်မာ ရင့်ကျက်ပြီး အသိဥာဏ် တိုးတက်မြင့်မားလာနိုင်ပါတယ်။ ကောင်းမြတ်တဲ့ ကံဟောင်း၊ ကံသစ်တွေ လမ်းပွင့်ပြီး စည်းစိမ် အထွေထွေ၊ ကျက်သရေအမျိုးမျိုးနဲ့ ပြည့်စုံနိုင်ပါတယ်။ ကံအရှိနဲ့ ထိုက်တန်စွာ လိုတိုင်းရ၊ တတိုင်းပြီးနိုင်ပါတယ်။ အနာဂတ် သံသရာမှာလည်း ထူးခြားဆန်းကြယ် အံ့သြဖွယ်ကောင်းတဲ့ အကျိုးတရားတွေ အလျှံပယ် ရရှိနိုင်ပါတယ်။ နောက်ဆုံးမှာ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်ပြီး သံသရာဇာတ်သိမ်း ဒုက္ခငြိမ်းနိုင်ပါတယ်။
ကိုယ့်စိတ်မှာ သောကတစ်ခုခု ဖြစ်နေတဲ့အချိန် ဘုရားဂုဏ်တော် ဘယ်လိုပွားရမလဲ စဉ်းစားမနေပါနဲ့။ ‘သောကခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား’လို့သာ ထပ်တလဲလဲ ပွားလိုက်ပါ။ နှလုံးသားထဲက သောက မီးတောက်တွေ ချက်ချင်း သို့မဟုတ် တဖြည်းဖြည်း ငြိမ်းသွားပါလိမ့်မယ်။
‘ကိုယ်တော်တိုင်သာ သောကငြိမ်းတာ မဟုတ်ဘူး သတ္တ၀ါတွေကိုလည်း ငြိမ်းအောင် လုပ်ပေးတယ်၊ သတ္တ၀ါ ဝေနေယျတွေရဲ့ သောကဆူးငြောင့်ကို ပယ်နုတ်ပေးတော်မူသော မြတ်စွာဘုရား၊ သောက ငြိမ်းအေးကြောင်းတရားကောင်းများကို ဟောကြားတော်မူတော မြတ်စွာဘုရား’ လို့ပါ ဆက်ပွားနိုင်မယ်ဆိုရင်တော့ စိတ်ထဲက သောကမီးတွေ ငြိမ်းအေးသွားတဲ့အပြင် ဘုရားရှင်ကို ကြည်ညိုမြတ်နိုးတဲ့ စိတ်တွေလည်း အလေးနက် ပေါ်ပေါက်လာပါတယ်။ သူတစ်ပါးတို့ရဲ့ သောကကို ပယ်ဖျောက်ပေးချင်တဲ့ မေတ္တာကရုဏာတရားတွေလည်း တိုးပွားလာပါတယ်။
ဒီလိုဆိုရင် ဂုဏ်တော်ပွားတာဟာ အန္တရာယ်ကင်း၊ လာတ်ရွှင်ဖို့၊ စီးပွားတတ်၊ ရာထူးတိုးဖို့၊ အကြံအောင်မြင်၊ လိုအင်ပြည့်ဝဖို့ မဟုတ်ဖူးဆိုတာ သဘောပေါက်လောက်ပါပြီ။ ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်လုပ်ရပ်ကို အကောင်းဆုံး၊ အမြတ်ဆုံးဖြစ်အောင် ပြုပြင်ဖန်တီး တည်ဆောက်ဖို့ ဂုဏ်တော်ပွားတာပါ။
စိတ်ဓာတ်နဲ့ လုပ်ရပ် ကောင်းမြတ်ခြင်းဆိုတဲ့ ပင်မအကျိုးရနေမှတော့ အန္တရာယ်ကင်း၊ လာတ်ရွှင် စတဲ့ ဘေးထွက်အကျိုးတွေကို တမင် တောင့်တနေစရာမလိုတော့ပါဘူး။ မလိုချင်အဆုံး ရမှာပါ။ တကယ်တော့ အဲဒီဘေးထွက်အကျိုးတွေက ဂုဏ်တော်ပွားခြင်းရဲ့ ဘာမှ မပြောပလောက်တဲ့ မလွမ်းလောက်စရာ ပါမွှားအကျိုးတွေပါပဲ။
ဂုဏ်တော်ပွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နှစ်သက်ဝမ်းမြောက်မှု၊ ငြိမ်းအေးကြည်လင်မှုတွေကို သတိပဋ္ဌာန်နည်းအတိုင်း ‘၀မ်းမြောက်တယ်၊’ ‘ငြိမ်းအေးတယ်၊’ . . . စသည်အားဖြင့် ဖြစ်ပျက်မြင်တဲ့အထိ ၀ိပဿနာဆက်ရှုနိုင်မယ်ဆိုရင် ဖြစ်ပျက်ဥာဏ် အထွက်အထိပ်ရောက်သွားတဲ့အခါ မဖြစ်မပျက်ဥာဏ် ဘွားခနဲ ပေါ်လာနိုင်ပါတယ်။ မဖြစ်မပျက်က နိဗ္ဗာန်၊ မဖြစ် မပျက်ဥာဏ်(မဖြစ်မပျက်မြင်တဲ့ဥာဏ်)က မဂ်ဥာဏ်ပါ။ ဂုဏ်တော်ကို ပင်တိုင်ထားပြီး ပွားရင်လည်း နိဗ္ဗာန်ရောက်နိုင်တယ်လို့ ဆိုလိုပါတယ်။
မြတ်စွာဘုရားရှင်လက်ထက်တုန်းက ခုနစ်နှစ်သား ကလေးငယ်တစ်ဦး ဂုဏ်တော်ပွားရင်းနဲ့ ရဟန္တာဖြစ်ခဲ့ဖူးပါတယ်။ ဂုဏ်တော်ပွားလိုက်၊ ဖြစ်လာတဲ့ ပီတိနဲ့တကွ ရုပ်နာမ်တွေကို ၀ိပဿနာရှုလိုက်၊ ဂုဏ်တ်ာတစ်လှည့်၊ ၀ိပဿနာတစ်လှည့် ပွားရှုလိုက်တာ တစ်ထိုင်တည်းနဲ့ ရဟန္တာ ဖြစ်သွားခဲ့ပါတယ်။ လူဝတ်နဲ့ ခုနစ်နှစ်အရွယ်မှာ ရဟန္တာဖြစ်ပြီးမှ ရဟန်းဘ၀ ကူးပြောင်းလိုက်တာပါ။
ပါဋ္ဌိလို ဂုဏ်တော်ပွားတာထက် မြန်လာလို ဂုဏ်တော်ပွားတာက ဂုဏ်တော်ရဲ့ဓာတ်သတ္တိတွေ နှလုံးသားထဲ ပိုပြီး စိမ့်ဝင်ပျံ့နှံ့ ကူးစက်စွဲထင်တယ် ဆိုတာကို လက်တွေ့စမ်းသပ်ကြည့်နိုင်ဖို့အတွက် ဘုရားရှင်ရဲ့ ဂုဏ်တော်တချို့ကို မြန်မာလို လက်ဆင့်ကမ်းလိုက်ပါတယ်။
‘စွဲလမ်းခြင်း ကင်းတော်မူသော မြတ်စွာဘုရား’
‘ဒေါသအမျက် ကင်းစင်းတော်မူသော မြတ်စွာဘုရား’
‘မေတ္တာတရား ကြီးမားတော်မူသော မြတ်စွာဘုရား’
‘သိစရာအားလုံး သိတော်မူသော မြတ်စွာဘုရား’
‘မှန်ကန်၍ အကျိုးရှိသော စကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား’
‘အမြဲတမ်း စိတ်အေးချမ်းတော်မူသော မြတ်စွာဘုရား’
‘အနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်တော်မူသော မြတ်စွာဘုရား’
ဘုရားဂုဏ်တော်ပွားတယ်ဆိုတာ . . . ဘုရားအကြောင်း စဉ်းစားတာပါပဲ။ ကိုယ်သိထားသလို ရိုးရိုးရှင်းရှင်း စဉ်းစားရင် ဘုရားကိုလည်း ပိုကြည်ညို၊ ကိုယ့်ကိုယ်ကိုယ်လည်း ပြုပြင်ပြောင်းလဲပြီးသား ဖြစ်သွားပါတယ်။
အရှင်ဆန္ဒာဒိက
No comments:
Post a Comment