Thursday, October 30, 2014
*~~~ Autumn ရဲ့သစ်ရွက်ကလေးများအကြောင်း ~~~*
နွေအကုန်ဆောင်းအကူး Fall (သို့ မဟုတ်) Autumn လို့ ခေါ်တဲ့
သစ်ရွက်ကလေးတွေကြွေတဲ့ ဆောင်းအကြိုရာသီရောက်ခဲ့ပြန်ပါပြီ...။
ကိုယ့်အတွက်တော့ Autumn ကကိုယ်အမြတ်နိုးဆုံးရာသီတခုပါ...။
ကိုယ်တို့ ပြည်နယ်မှာ Winter, Spring, Summer နဲ့ Autumn လို့ ခေါ်တဲ့ ရာသီဥတု
လေးမျိုးရှိတဲ့အထဲ Autumn က အလှဆုံးနဲ့ လွမ်းဆွတ်ဖွယ်ရာကောင်းတဲ့ရာသီလေးတခုပါ။
တနှစ်တာကာလရဲ့လည်ပတ်နေတဲ့အခြားရာသီတွေမှာ ရာသီဥတုဆိုးတဲ့အခါ တွေရှိပါတယ်။
Autumn မှာကဒီလိုမျိုးမရှိပါဘူး...။ 
Autumn ရဲ့ရာသီကို စက်တင်ဘာလမှ နိုဝင်ဘာလအထိ သတ်မှတ်ထားကြပါတယ်။
 အောက်တိုဘာလကုန်ရင်တော့ ဆောင်းရဲ့အငွေ့ အသက်နဲ့ စတင်လို့ အေးလာပါတယ်။
ဒီရာသီမှာ အနောက်တောင်လေတဖြူးဖြူးတိုက်ခတ်ပြီး အစိမ်းရောင်သစ်ရွက်ကလေးတွေဟာ
အ၀ါရောင် အညိုရောင် အနီရောင်နဲ့ လိမ္မော်ရောင် အရောင်မျိုးစုံလေးတွေပြောင်းပြီး
လောကကြီးကို အစွမ်းကုန်ချယ်သ အလှဆင်ကြပြီးတဲ့နောက် သူတို့ ရဲ့ အမိရင်ခွင် သစ်ပင်ပေါ်ကနေ
တဖွဲဖွဲကြွေဆင်းလို့ နောက်ဆုံးအနေနဲ့ နှုတ်ဆက်ကြတဲ့ ခွဲခွါခြင်းရာသီလေးတခုပါ...။
 ကြွေကျလာတဲ့သစ်ရွက်ကလေးတွေကို မြေကြီးပေါ်မကျ ခင် လေထဲမှာလိုက်ဖမ်းပြီးကစားခဲ့ ဖူးပါတယ်။
ငယ်ငယ်ထဲကသစ်ရွက်ကလေးတွေကိုကိုယ်ကချစ်မြတ်နိုးတတ်ခဲ့တယ်။
ဒါပေမယ့်သစ်ရွက်ကလေးတွေအကြောင်းကိုယ်နားမလည်ခဲ့ပါဘူး...။ 
အမှန်တကယ်တော့ဒီသစ်ရွက်ကလေးတွေဟာ လေထုထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်တွေကိုစုပ်ယူပြီး လေထုညစ်ညမ်းမူ့ ကိုသန့် စင်ပေးတာ
မြေပြင်ပေါ်ကအစိုဓါတ်တွေခြောက်သွေ့ မသွားအောင် အပူဒဏ်ကိုကြံ့ကြံ့ခံပြီး
ရာသီဥတုတွေမျှတအောင်ကာကွယ်ပေးထားတာ 
ကမ္ဘာမြေကြီးကိုလည်းမြေသြဇာတွေကောင်းမွန်အောင် အခြားသစ်ပင် ပန်းပင်လေးတွေ
ရှင်သန်ဖို့ အတွက် သစ်ရွက်ကလေးတွေက Decompose ဖြစ်ပြီးပြောင်းလဲပေးတာတွေ...
အစရှိသဖြင့် သူတို့ ရဲ့စွမ်းဆောင်မူ့ တွေကအံ့မခန်းဖွယ်ရာပါ...။
နေပူထဲကလာတဲ့လူတယောက်ဟာ သစ်ရွက်ကလေးတွေဝေဆာစိမ်းလန်းနေတဲ့
သစ်ပင်ကြီးအောက်မှာခိုနားလိုက်ရတဲ့အခါ အလွန်ပဲအေးချမ်းမူ့ ကိုခံစားကြရတာပါ။
အရိပ်ကောင်းတဲ့သစ်ပင်တပင်ဟာ လူတွေအတွက်ခိုနားစရာနေရာဖြစ်တဲ့အပြင်
"သစ်တပင်ကောင်းရင် ငှက်တစ်သောင်းနား" ဆိုတဲ့အတိုင်း  ငှက်ကလေးတွေရဲ့
နားခိုရာအိမ်ဂေဟာလေးလည်းဖြစ်ပါတယ်...။
လောကရဲ့အနိုင်းမဲ့အရှင်ကတော့ အကိုင်းအခက် အရွက်အလက်နဲ့ ပြည့်စုံပြီး
အရိပ်အာဝါသကောင်းမွန်လှတဲ့ဗောဓိညောင်ပင်ကြီးရဲ့အရိပ်အောက်မှာခိုနားပြီး
ကိုယ်တော်တိုင်လည်း သတ္တ၀ါအားလုံးရဲ့ နားခိုရာ အငြိမ်းချမ်းဆုံး အေးမြဆုံးနဲ့ 
လောကအတွက်စိမ်းလန်းစိုပြေလှပတင့်တယ်တဲ့ ဓမ္မသစ်ပင်ကြီးကိုစိုက်ပျိုးထားရစ်ခဲ့တယ်...။
 သစ်တပင်ကောင်းရင် ဘုရားတဆူပွင့်ဖို့ အတွက်အထောက်အကူပြုနိုင်ခဲ့တာပါ...။
သစ်ရွက်ကလေးတွေဆိုတာ သူတို့ ရှင်သန်ခဲ့ရတဲ့အချိန်ကာလလေးအတွင်း
စိမ်းလန်းတဲ့သစ်ရွက်ကလေးဘ၀မှသည်......ရင့်ရော်ကြွေလွင့်သွားသည်အထိ
လောကကြီးကိုကောင်းကျိုးပြုခဲ့ကြတဲ့ လူနဲ့ သတ္တ၀ါတွေအားလုံးအတွက်
သဘာဝတရားကပေးအပ်ထားတဲ့ 
ကမ္ဘာမြေကြီးအတွက်တန်ဘိုးမဖြတ်နိုင်တဲ့လက်ဆောင်လေးတွေပါ...။
*~*~*~*~*~*~*~*
ကိုယ်နေတဲ့လမ်းထဲက မေပလ် ပင်တန်းလေးတွေပါ...
အဓိပဓိလမ်းနဲ့ ကံ့ကော်တန်းတော့မဟုတ်...
ဒီမှာတော့ အဓိပဓိလမ်းနဲ့ မေပလ်တန်းလေ...
 *
*
*
Wednesday, October 8, 2014
*~~~သီတင်းကျွတ်လပြည့်~~~*
မင်္ဂလာပါ...။
ဓမ္မမိတ်ဆွေအပေါင်း သီတင်းကျွတ်လပြည့်ညမှာကိုယ်စိတ်နှစ်ပါးချမ်းမြေ့ကြပါစေလို့ 
မေတ္တာပို့ သ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်...။
*
*
*
Thursday, August 7, 2014
*~~~ကျွနှ်ပ်၏တပိုင်းတစ ဒဿ နများ(၈)~~~*
 ဘယ်အရာကိုပဲလုပ်လုပ် တနပ်စားဥာဏ်နဲ့  တဘ၀စာ တခဏစာအတွက်ကို မကြည့်ပဲ
သံသရာနဲ့ ချီပြီးတော့ကြည့်တတ်တဲ့အမြင်နဲ့  လုပ်တတ်တဲ့သူဟာပညာရှိသူတော်ကောင်းပါပဲ...။
***~~~***
 လူ့ ဘ၀ဆိုတာအင်မတန်မှရခဲပေမယ့်
ငရဲကျဖို့ တော့အင်မတန်မှလွယ်တယ်...။
***~~~***
  လောကမှာ ပညာမဲ့တဲ့သူတွေဟာ သူတပါးကိုထိုးနှက်ပုတ်ခတ်
 စော်ကားတိုက်ခိုက်ပြီး အချိန်ဖြုန်း လူဖြစ်ရှုံးနေကြပေမယ့်
ပညာရှိသူတော်ကောင်းတွေကတော့ ကိုယ်ဘယ်သူဆိုတာမြင်အောင်ကြည့်
ကိုယ့်ကိုယ်ကိုယ်ပြုပြင် ကိုယ့်ပါရမီကိုယ်ဖြည့် လူဖြစ်ရကြိုးနပ်အောင်
ဘ၀ကိုတန်ဘိုးရှိအောင်နေကြတယ်...။
***~~~***
သူတပါးအပြစ်တွေသာမြင်တတ်ပြီး
ကိုယ့်ရဲ့ ကိုယ် ၊ နှုတ် ၊နှလုံး သုံးပါးရဲ့အပြစ်တွေကို မမြင်တတ်တဲ့သူဟာ
မျက်လုံးသာမြင်ပြီး အသိပညာကန်းနေတဲ့သူဖြစ်တယ်...။
***~~~***
လောကကြီးမှာသူတပါးက ကိုယ့်ကိုကြိုက်တာမကြိုက်တာထက်
ကိုယ့်ကိုယ်ကို ကြိုက်ဖို့ နဲ့ ဘုရားမကြိုက်တဲ့ ငမိုက်သား ဗာလနံမဖြစ်ဖို့ ပဲအရေးကြီးတယ်...။
***~~~***
လူတယောက်မှာ ကိုယ်ကျင့်သီလနဲ့ စာရိတ္တတွေ ပျက်စီးယိုယွင်း သွားပြီဆိုရင်
အဲဒီလူဟာစွန့် ပြစ်ရမယ့် လူ့ အမှိုက်ဖြစ်သွားတော့တာပဲ...။
***~~~***
 ဂုဏ်တွေငွေတွေပေါ်မှာသိပ်အလေးပေးတတ်တဲ့သူဟာ
လူ့ တန်ဘိုးနဲ့ လူ့ ဂုဏ်သိက္ခာကျဆင်းသွားတယ်
တန်ဘိုးမဲ့တဲ့သူဖြစ်သွားတယ်...။
***~~~***
လူပီသတဲ့လူတယောက်ဖြစ်ဖို့ အတွက် 
အဓိကလိုအပ်ချက်ဟာ ကိုယ်ကျင့်တရားနဲ့ ကိုယ်ချင်းစာတရားပဲ...။ 
***~~~*** 
 လောကမှာ သူယုတ်မာတစ်သိန်းကိုးသောင်းရဲ့ အကြောင်းတွေကိုသိရှိရတာထက်
သူတော်ကောင်းတယောက်ရဲ့အကြောင်းကို လေ့လာသိရှိရတာကပို၍တန်ဘိုးကြီးမားတယ်...။
***~~~***
အခွှင့်အရေးယူလွန်းတဲ့သူတွေဟာ လူ့ အစွမ်းအစညံ့ဖျင်းသွားတတ်ကြသလို
အစွမ်းအစရှိတဲ့သူများကတော့ အခွှင့်အရေးယူလေ့မရှိကြပါဘူး
သူတို့ အတွက်မလိုအပ်လို့ ပါပဲ...။
***~~~***
အမှားကို အမှားမှန်း သိပြီး အချိန်မလွန်ခင် အမှားပြင်တတ်တဲ့သူဟာသူတော်ကောင်းပဲ...။
***~~~***
အမှားတွေထဲကနေ သင်ခန်းစာမယူတတ်ရင် လူဖြစ်ရကျိုးမနပ်ဘူး...။
***~~~***
 အမှားတွေနဲ့ လုံးထွေးနေရင် ဘ၀ကရှုပ်ထွေးလေ
အမှားတွေနဲ့ ကင်းဝေးလေ ဘ၀ကရှင်းသန့် မွန်မြတ်လေပဲ...။
***~~~***
သူတော်ကောင်းဆိုတာမျိုးက
ကိုယ်သာအနစ်နာခံမယ် သူတပါးကိုယ့်ကြောင့်မနစ်နာစေရဘူး ဆိုတဲ့
မြင့်မြတ်တဲ့စိတ်ဓါတ်တွေရှိတယ်...။
***~~~***
သူယုတ်မာဆိုတာမျိုးက
 မင်းသားကြီးမဖြစ်ရင် ပတ်မကြီးကိုဖေါက်မယ်
ဆိုးရွားယုတ်ညံ့တဲ့စိတ်ဓါတ်တွေရှိတယ်...။
***~~~***
အကုသိုလ်တရားတွေနဲ့ ဝေးသထက်ဝေးသွားခြင်းဟာ
နိဗ္ဗာန်သွားဖို့ နီးသထက်နီးလာတာပါပဲ...။
***~~~***
ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ... 
*
*
*
Saturday, July 19, 2014
*~~~ ၁၉ ဇူလိုင်~~~*
"လူမှာအရေးကြီးဆုံးနှစ်ခုပဲရှိတယ်
အဲဒါက ကိုယ်ကျင့်တရားရယ်
အမှန်တရားကိုမြတ်နိုးမူ့ ရယ် ဒါပဲဖြစ်တယ်။
ဘယ်နေရာမှာမဆို
အမှန်ကို အမှန်အတိုင်း ပြောရမယ်
ပြောဝံ့တဲ့သတ္တိလည်းရှိရမယ်။"
          (ဗိုလ်ချုပ်အောင်ဆန်း)
~*~*~*~*~*~
"၁၉ ဇူလိုင်သူရဲကောင်း"
 သူအသက်ရှင်သန်ခဲ့ရတဲ့
အချိန်တိုတိုလေးအတွင်း
သူ့ တိုင်းပြည်နဲ့ လူမျိုးရဲ့အကျိုးကို 
အမြော်အမြင်ကြီးကြီးနဲ့ 
မိုးထိမြင့်အောင်
သူစွမ်းနိုင်သမျှထမ်းဆောင်သွားသူ...
သူ့ ရဲ့ရိုးသားမူ့ နဲ့ ဖြောင့်မတ်မူ့ က
သူ့ နှလုံးသားကို
အမြင့်မြတ်ဆုံးဖြစ်စေခဲ့...
ခေတ်အဆက်ဆက်နှိုင်းယှဉ်လို့ မရနိုင်ခဲ့တဲ့
အဲဒီနှစ်လုံးသားနဲ့ ပဲ
အမှန်တရားကိုမြတ်နိုးတတ်သူတွေရဲ့
နှလုံးသားကိုလည်း
အလင်းရောင်တွေထွန်းညှိခဲ့သူ...။ 
(ကမ္ဘာမှာမြန်မာလူမျိုးရှိနေသ၍ ဘယ်တော့မှမေ့နိုင်မှာမဟုတ်တဲ့ အာဇာနည်နေ့ သို့ အမှတ်တရ...)
*
*
*
Friday, July 4, 2014
*~~~ကိုယ်မပြောချင်သော စကားများ~~~*
ပြီးခဲ့တဲ့အပတ်က "စကား"ဆိုတဲ့ကဗျာတပုဒ်ရေးဖြစ်ပါတယ်...
ဒီကဗျာနဲ့ ပတ်သက်ပြီး သူတော်ကောင်းများရဲ့ အသံတွေကိုပြန်ကြားရပါတယ်...
တိုက်ရိုက်မဟုတ်သော်ငြားလည်း သွယ်ဝိုက်သောအသံများကိုလည်းကြားရပါတယ်...။
အားလုံးသော ထင်မြင်ယူဆချက်များကိုကျေးဇူးအနန္တပါလို့ ပြောပါရစေ...။
*~*~*~*~*~*~*~*~*~*
ဒီကဗျာကိုရေးတဲ့ကိုယ့်အဖြစ်က"ဖားအော်တာပဲကြားကြပြီးမြွေကိုက်တာကိုဘယ်သူမှမမြင်"
ဆိုတဲ့အဖြစ်နဲ့ တူပါတယ်...။ ကိုယ်ကဗျာဆရာမဟုတ်ပါဘူး... ကဗျာလည်းမရေးတတ်ပါဘူး။
ဒါပေမယ့်တခါတလေတော့ လောကကြီးမှာ ဖြစ်ပျက်နေတာတွေကို တွေ့ မြင်မိတဲ့အခါ
လက်တန်းရေးဖြစ်တဲ့ကဗျာတွေရှိသလို ကိုယ့်ဘ၀မှာကြုံရတဲ့အကြောင်းတရားတွေနဲ့ ပတ်သက်ပြီး
ရေးဖြစ်တာတွေလည်းရှိပါတယ်...။ "စကား" ဆိုတဲ့ကဗျာနဲ့ ပတ်သက်လို့ လူတွေရဲ့အမြင်မှာ
ကိုယ်က Bad guy (လူကြမ်း) ဖြစ်နေတာပါ...။
မသိတော့ကိုယ်ကအင်မတန်မှ ဆိုးရွားတဲ့သူပေါ့...။ 
ကိုယ်တိုင်လည်းကိုယ်ရေးတဲ့ကဗျာကို ကြိုက်လားလို့ မေးရင် 
အဖြေက လုံးဝဥဿုံ မကြိုက်ဘူးလို့ ဖြေရမှာပါ...။ 
ဒီကဗျာကို ကြိုက်လို့ ရေးတာမဟုတ် ရေးချင်လို့ ရေးတာလဲမဟုတ်
ရေးသင့်တယ်ထင်လို့ ရေးတဲ့ ကဗျာတပုဒ်ဖြစ်ပါတယ်...။
နောက်တခုက ကိုယ်က တလောကလုံးကလူတွေကိုလိုက်ကြည့်ပြီးတော့ ဒီကဗျာကိုရေးခြင်းမဟုတ်
အဲဒီလူတွေကိုလိုက်ကြည့်နေဖို့ ကိုယ့်မှာအချိန်လည်းမရှိ စိတ်လည်းမ၀င်စားသလို
သူများအကြောင်းလိုက်ကြည့်ပြီးပြောတတ်တဲ့ဝါသနာလည်းမပါဘူး...။
တခုတော့ရှိတယ် လောကလူသားတယောက်အနေနဲ့ 
ကိုယ့်မှာတာဝန်ရှိတယ်လို့ ယူဆရင်ပဲဖြစ်ဖြစ်
မသူတော်တွေအကြောင်း မလွဲမရှောင်သာလို့ တွေ့ မြင်မိတဲ့အခါမှာပဲဖြစ်ဖြစ်
ကိုယ်ပြောချင်တာတွေကို ကိုယ်မြင်တဲ့အတိုင်းတည့်တည့်မတ်မတ်ပဲပြောပါတယ်...
  ဝေ့လည်ကြောင်ပတ်နဲ့ မပြောတတ်ဘူး..။
 (ချွင်းချက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ သူတော်ကောင်းတွေရဲ့အကြောင်းတော့
လေ့လာဖြစ်ပါတယ် ကိုယ်တိုင်ကသူတော်ကောင်းဖြစ်ချင်လို့ ပါ...)
ကိုယ့်အမြင်ကိုပြောရမယ်ဆိုရင် တလောကလုံးမှာရှိတဲ့လူတွေကို  ဒီလူကအဖြူ
ဒီလူကအမဲ ဒီလူကအ၀ါ ဒီလူက ဘယ်ဘာသာဝင် ဟိုလူက ဒီဘာသာဝင် အစရှိသဖြင့် 
ဒီလိုခွဲခြားတဲ့အမြင်မျိုးကိုယ့်မှာမရှိပါဘူး... ။ ကမ္ဘာကြီးရဲ့ ဘယ်အရပ် ဘယ်ဒေသ
ဘယ်နေရာမှာနေတဲ့လူဖြစ်ဖြစ် လူမှာ နှစ်မျိုးနှစ်စားပဲရှိပါတယ်...
အဲဒါကတော့ "သူတော်ကောင်းနဲ"့  "သူယုတ်မာ"ဆိုတာပါပဲ...။
လောကမှာ ရေများရေနိုင် မီးများမီးနိုင်ဆိုသလို သူတော်ကောင်းတွေအင်အားများတဲ့အရပ်ဟာ
ငြိမ်းချမ်းမယ်... သူယုတ်မာတွေဖက်ကအင်အားများရင် အဲဒီအရပ်ဟာ ရပ်ပြစ်ရှစ်ပါးဖြစ်မယ်...
ဒီလိုပဲ လူတယောက်မှာလည်း ကုသိုလ်စိတ်အားကောင်းရင် သူတော်ကောင်းဖြစ်မယ်
သုဂတိကိုရောက်မယ်... အကုသိုလ်စိတ်အားကောင်းရင် သူယုတ်မာဖြစ်မယ် အပ္ပါယ်လားမှာပဲ။
ယနေ့ ကိုယ့်မွေးရပ်မြေ မြန်မာနိုင်ငံကိုပြန်ကြည့်မယ်ဆိုရင်လည်း 
သူတော်ကောင်းနဲ့ သူယုတ်မာတို့ ရဲ့နှစ်ပေါင်းများစွာတိုက်နေတဲ့ တိုက်ပွဲပါပဲ...။ 
ဒီလိုသူတော်ကောင်းနဲ့ သူယုတ်မာတွေရဲ့တိုက်ပွဲမှာ
သူတော်ကောင်းဖက်က သူတော်ကောင်းတရားလက်ကိုင်ထားပြီး ဓမ္မနဲ့ ပဲတိုက်ကြတာပါ။
ဒါပေမယ့် သူတော်ကောင်းတွေက ဒီလို ဓမ္မနဲ့ နှလုံးသွင်းပြီးမေတ္တာထားနေတာဟာ 
သူယုတ်မာတွေအတွက် ကျွဲအပါးစောင်းတီးကျွဲနားငြီး ဖြစ်နေတာကိုတွေ့ ရပါတယ်။
သာဓကအားဖြင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာမေတ္တာသုတ်တော်ရွတ်ပြီး
ဓမ္မနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ ရဟန်းသံဃာတွေကို ရက်ရက်စက်စက်နှိမ်နင်းခံလိုက်ရတာပါပဲ...။
 အခုလက်ရှိလည်း သူတော်ကောင်းတွေဖက်ကို
နည်းမျိုးပေါင်းစုံနဲ့ ထိုးနှက်တိုက်ခိုက်နေတာကိုခံနေရဆဲပါပဲ...။
ကိုယ်တိုင်လည်းဒီလိုပဲ...
 ဘ၀မှာသူယုတ်မာတွေရဲ့ထိုးနှက်တိုက်ခိုက်ခြင်းကိုခံခဲ့ရဖူးပါတယ်။
ကိုယ့်ဖက်ကတော့ဓမ္မနဲ့ ပဲတုန့် ပြန်ခဲ့တာများပါတယ်...သို့ သော် သူယုတ်မာတိုင်းကို
ဓမ္မနဲ့ တုန့် ပြန်လို့ မရဘူးဆိုတာ ကိုယ်တိုင်ကြုံမှပဲသိရတာပါ...။
ယခုလက်ရှိကိုယ့်ကိုတိုက်ခိုက်နေတဲ့ မသူတော်ဟာ အခြေအနေဆိုးသထက်ဆိုးလာနေလို့ 
ကိုယ်က "စကား"ဆိုတဲ့ကဗျာနဲ့ တုန့် ပြန်လိုက်ရခြင်းပါပဲ...။ 
ကိုယ့်ဖက်ကသည်းခံနေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ...။ 
ဒီပုဂ္ဂိုလ်ဖက်ကတော့ တစက်မှမလျှော့ပဲတိုက်ခိုက်လာခဲ့တာပါ...။
ကိုယ့်ကိုပဲတိုက်ခိုက်တယ်ဆိုရင် ကိုယ်ကဒီအတိုင်းပဲ ကိုယ့်ခန္တီပါရမီကိုယ်ဖြည့်ဆည်းဖို့ 
ဆက်ပြီးသည်းခံသွားမယ့်သူပါ...။  ဒါပေမယ့်ဒီပုဂ္ဂိုလ်က ကိုယ့်ကိုတိုက်ခိုက်တာတင်မဟုတ်
အမေအရွယ်အမျိုးသမီးကိုတောင် ယုတ်ယုတ်မာမာပြောဆိုတိုက်ခိုက်ပြီး
 အလကားရတဲ့ Fb နဲ့ Blog မှာအကောင့်တွေဖန်တီးပြီး
ဝါဒဖြန့် နေတာတွေဟာမမြင်ချင်အဆုံးပါ...။ ဒီပုဂ္ဂိုလ်ရဲ့ဝါဒဖြန့် မူ့ ကြောင့် 
သူ့ လိုသူယုတ်မာများစွာဟာအုံနဲ့ ကျင်းနဲ့ ဖြစ်လာနေတာကိုလဲမတွေ့ ချင်ပဲတွေ့ နေရတာပါ...။
ဘယ်လိုစကားလုံနဲ့ မှ ဖေါ်ပြဖို့ မစွမ်းနိုင်လောက်အောင်ယုတ်ညံ့ဆိုးရွားတာကမ်းကုန်နေတယ်။
  နောက်ဆုံးမမြင်မတွေ့ ချင်လို့ ရှောင်ပါတယ်ဆိုမှ
အရှေ့ ကနေ၀င်တိုက်ပြီးမတွေ့ တွေ့ အောင်တမင်တကာလုပ်နေတာပါ။
 ကိုယ့် email ကိုခိုးတယ်...။ ကိုယ်နဲ့ ကိုယ့်ရဲ့ဘလော့က်ကိုနည်းမျိုးစုံနဲ့ တိုက်ခိုက်တယ်...။
အမနာပတွေကို မကြားကြားအောင်ပြောတယ်... ဒါတင်မကများစွာရှိပါသေးတယ်... 
မသူတော်အကြောင်းဒီလောက်နဲ့ တင်တော်လိုက်ပါပြီ...။ 
 ဒီလိုလူမျိုးဟာအင်မတန်မှ အန္တရာယ်ကြီးမားတဲ့
ဒေ၀ဒတ်က ဆရာတင်ရမယ့်သူပါ။
ကဲ...သူတော်ကောင်းအပေါင်းတို့ ....
ဒီလိုမသူတော်မျိုးနဲ့ လောကမှာတွေ့ ရပြီဆိုရင် ဘယ်လိုတုန့် ပြန်ရမယ်ဆိုတာ
ပြောပြကြပါအုံး...။ အပြုံးလေးနဲ့  မေတ္တာသုတ်တော်ထိုင်ရွတ်နေရမှာလား...??? 
အရှင်မဟာမောဂ္ဂလ္လာန်ကတော့ နဂါးကိုနှိမ်နင်းဖို့ အတွက် သူ့ ကိုယ်သူ
နဂါးပုံဖန်ဆင်းပြီး သူနှိမ်နင်းရမယ့်နဂါးထက်အဆပေါင်းများစွာကြီးမားတဲ့နဂါးနဲ့ တိုက်ခဲ့တာပါ...။ 
ရဟန္တာဆိုပေမယ့် ဒီအတိုင်းထိုင် မေတ္တာလွှတ်ပြီးဆုံးမနေခဲ့တာမဟုတ်ဘူး။
လောကကောင်းကျိုးအတွက် လူသားတွေချမ်းသာရာရဖို့ အတွက်
ထိုက်သင့်သလို နှိမ်နင်းခဲ့ရတာမှတ်သားဖူးတာပဲ...။ 
*~*~*~*~*
("စကား" ဆိုတဲ့ကဗျာနဲ့ ပတ်သက်ပြီး ဓမ္မမိတ်ဆွေသူတော်ကောင်းများစိတ်အနှောက်အယှက်ဖြစ်
သွားကြတယ်ဆိုရင်ဖြင့် ခွှင့်လွှတ်ကြပါလို့ အနူးအညွှတ်တောင်းပန်ပါတယ်...။
မကောင်းသော အကုသိုလ်တရားများကို ကိုယ်တိုင်လည်း မတွေ့ ချင်
မမြင်ချင် မသိချင် မကြားချင်သလို ဒီနေရာကနေမျှဝေချင်သောဆန္ဒ
အလျှင်းမရှိဘူးဆိုတာကတော့ မှန်သောသစ္စာစကားပါ...။ )
ဒီကဗျာကိုလည်းဖယ်ရှားလိုက်ပါပြီ...။
အားလုံးပဲ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ... 
*
*
*
Tuesday, June 10, 2014
*~~~ဆန်ဖရန်စစ်စကို နဲ့  အယ်လ်အေ သို့ အလည်တခေါက်(၂)~~~*
ကံမကောင်းချင်တော့ အဲဒီမနက်က မိုးတွေအုံ့ ဆိုင်းပြီးရာသီဥတုကသိပ်မသာယာပါဘူး။
မကြည်လင်ပါဘူး....။ နေ့ လည်ပိုင်းလောက်ရောက်မှပဲ ရာသီဥတုက နေရောင်နဲနဲတွေ့ ရပါတယ်။
မကြည်လင်သောဓါတ်ပုံများကို သီးခံနားလည်ပေးကြပါကုန်သော်...
 ဆန်ဖရန်စစ်စကို City Hall
ဒီ City Hall ဟာ ကမ္ဘာပေါ်မှာနံပါတ် ၅ခုမြောက်အကြီးဆုံးဖြစ်ပြီး 
ဧရိယာအကျယ်အ၀န်းပေ ၅ သိန်းရှိပါတယ်...ထို့ အပြင်
အမေရိကန်နိုင်ငံရဲ့ States Capitol ထက် ၄၂ ပေပိုမြင့်တယ်လို့ ဆိုပါတယ်...။
ဆန်ဖရန်စစ်စကို City Hall အဟောင်းက ၁၉၀၆ ခုနှစ်မှာ ပြင်းထန်တဲ့ငလျှင်ဒဏ်ကြောင့်
ပျက်စီးသွားတဲ့အတွက် အဲဒီအဆောက်အဦးအဟောင်းရဲ့ လမ်း နှစ်လမ်းအကွာမှာ
City Hall အသစ်ကို ထိုခေတ်ကအလွန်အဆင့်မြင့်တဲ့ ဗိသုကာပညာတွေနဲ့ ပြန်လည်တည်ဆောက်ခဲ့ပြီး
၁၉၁၅  ခုနှစ်မှာပြန်လည်ဖွင့်လှစ်ခဲ့တာပါ...။
*** *** *** *** ***
ဟစ်ပီ (Hippie) တွေနေတဲ့ရပ်ကွက်လို့ ဆိုပါတယ်...
စတင်လိုက်တဲ့ ဟစ်ပီတွေရဲ့ယဉ်ကျေးမူ့ ဟာ ကမ္ဘာအနှံ့ အပြားကိုရောက်ရှိသွားတယ်လို့ ဆိုပါတယ်။
(ပုံထဲမှာတွေ့ ရတာက ဆန်ဖရန်စစ်စကိုမှာ မြေငလျှင်လှုပ်တုန်း
ပြူတင်းပေါက်ကနေအလျှင်အမြန်ထွက်ပြေးဖို့ ကျိုးစားနေတာကို
ဟစ်ပီတွေကသရုပ်ဖေါ်ထားတယ်လို့ ထင်တာပါပဲ...။ )
ဘယ်ကားစီးချင်လဲ...ကြိုက်တာစီးလို့ ရပါတယ်...
အလကားစီးဖို့ တော့မစဉ်းစားနဲ့ ...။ :)
ကိုယ်တိုင်ကတော့လေဆိပ်က ကား Rental ကနေ တိုရိုတာ
တစီးကိုငှားပြီးမောင်းပါတယ်...ကားငှားခ ၂ရက်ကို
$130 ပေးရပြီး စပေါ်ငွေအဖြစ် $300 ပေးထားရပါတယ်...။
ကားပြန်အပ်တဲ့အခါကျရင်တော့ ကားကိုပျက်စီးမူ့ ရှိမရှိ စစ်ဆေးပြီး
ထိခိုက်မူ့ ဘာမှမရှိဘူးဆိုရင်တော့ စပေါ်ငွေကို ကိုယ့်ရဲ့ Credit Card ထဲပြန်ထဲ့ပေးပါတယ်။
ဆန်ဖရန်စစ်စကိုမှာကားမောင်းရတဲ့အတွေ့ အကြုံကတော့
မြေပြန့် ကလာတဲ့ကိုယ်တို့ လိုလူတွေအဖို့  သိပ်မကောင်းဘူးလို့ ဆိုရမှာပါ...
တောင်ကုန်းတွေအရမ်းများပြီးလမ်းတွေကကျဉ်းတော့သတိထားပြီးမောင်းရပါတယ်...
နောက်မဟုတ်ရင်တော့ အိမ်ပြန်မရောက်ဘူးဖြစ်သွားလိမ့်မယ်...။
freeway မှာမောင်းနေတဲ့ကားတွေကလည်း ပြိုင်ကားမောင်းနေသလားထင်ရတယ်...။ 
(ဆက်ရန်)
Sunday, June 1, 2014
*~~~ဆန်ဖရန်စစ်စကို နဲ့  အယ်လ်အေ သို့ အလည်တခေါက်(၁)~~~*
ပြီးခဲ့တဲ့ရက်သတ္တပတ်နွေရာသီအားလပ်ရက်မှာ ဆန်ဖရန်စစ်စကိုနဲ့ လော့စ်အိန်ဂျလိစ်ကို အလည်ရောက်ဖြစ်ခဲ့တယ်...။ ဆန်ဖရန်စစ်စကိုလေဆိပ်ကိုရောက်တာနဲ့ 
 ရေမြေတောတောင်သဘာဝတွေကိုစိတ်ထဲမှာအလွန်နှစ်သက်မိတာနဲ့ အတူ
 နေချင်စဖွယ်မြို့ လို့ မှတ်ချက်ချမိတယ်။ 
San Francisco ဆိုတာ "Saint Francis" လို့ အဓိပ္ပါယ်ရတယ်လို့ ဆိုပါတယ်။
ကမ္ဘာအရပ်ရပ်က လူမျိုးပေါင်းစုံတို့ ရဲ့ နေထိုင်အခြေချရာ၊ စီးပွားရှာရာ၊ အနားယူရာ၊ လာရောက်လည်ပတ်
*** *** ***
ဆန်ဖရန်စစ်စကို ရဲ့ကမ္ဘာကျော် Golden Gate တံတားကြီးကိုညို့ ညို့ ဆိုင်းဆိုင်း
မနက်ခင်းရဲ့ မြူ မှုံတွေကြားထဲမှာတွေ့ လိုက်ရပါတယ်...။
ဒီတံတားကြီးကို ဇန်န၀ါရီ လ ၅ ရက် နေ့ ၁၉၃၃ ခုနှစ်ကနေစတင်တည်ဆောက်ခဲ့ပြီး
ဧပြီ လ ၁၉ ရက် ၁၉၃၇ ခုနှစ်မှာပြီးဆုံးခဲ့ပါတယ်...။
ထိုခေတ်က ကုန်ကျစားရိတ် သန်းတစ်ရာခန့်  ရှိခဲ့ပြီး ယခုခေတ်အနေအထားအရ
၁.၂ ဘီလီယံကုန်ကျစားရိတ်ရှိတယ်လို့ ဆိုပါတယ်...။
မေ လ ၂၇ ရက် ၁၉၃၇ ခုနှစ်မှာဖွှင့်လှစ်ခဲ့တဲ့ဒီတံတားကြီးဟာ ယခုဆိုရင်သက်တမ်း ၇၇ နှစ်ရှိခဲ့ပါပြီ။
အမြင့်ပေ ၇၄၆ ပေ ၊ အနံပေ ၉၀ ၊ အလျှား ၈၉၈၁ ပေ ၊ ပျမ်းမျှခြင်း နှစ်မိုင်နီးပါးရှည်လျှားတယ်လို့ ဆိုပါတယ်။
သက်တမ်းအားဖြင့်အိုမင်းနေပြီလို့ ထင်ရတဲ့ဒီတံတားကြီးဟာ ပြင်းထန်တဲ့ ဒီရေတွေ လှိုင်းလုံးကြီးတွေ
လေပြင်းတွေတိုက်ခတ်တဲ့ ပစစ်ဖိတ်သမုဒ္ဒယာကြီးကိုတော့
ရဲရဲဝံ့ဝံ့ခေါင်းမော့ရင်ကော့လို့ သတ္တိရှိရှိရင်ဆိုင်ရပ်တည်နေဆဲပါပဲ...။
*
*
*
ဆက်ရန်...
Monday, April 14, 2014
*~~~လွမ်းတဲ့သင်္ကြန်~~~*
“လွမ်းတဲ့သင်္ကြန်”
 မိုင်ထောင်ချီဝေးတဲ့အရပ်ဆီကနေ
လွမ်းလွမ်းဆွတ်ဆွတ်တမ်းတမိတဲ့အခါ
    ပိတောက်ရနံ့ လေးက
      ကမ္ဘာတဖက်ခြမ်းက ကိုယ့်နှလုံးသားအထိသင်းပျံ့ တယ်...။ 
 ***
အခုလိုသင်္ကြန်ရောက်တဲ့အချိန်တိုင်း နှစ်စဉ်နှစ်တိုင်း ကိုယ်ချစ်တဲ့ပိတောက်နဲ့ 
 မွေးရပ်မြေကိုလွမ်းမိတယ်…။
ကိုယ်တို့ မြို့ မှာသင်္ကြန်ရောက်တိုင်း သင်္ကြန်ထမင်းနဲ့ 
မုန့် လုံးရေပေါ်တွေကို စတုဒီသာကြွေးလေ့ရှိပါတယ်…။
တနေကုန်ရေကစားလိုက် အစာစားလိုက်နဲ့ ကလေးတွေဆိုရင်အရမ်းပျော်ကြတယ်…။
ကိုယ်တို့ မြို့ ရဲ့ချစ်စရာကောင်းတဲ့ဓလေ့တခုပါ…။
ဒီနေ့ သင်္ကြန်အကျနေ့ မှာ 
ဘာပဲဖြစ်ဖြစ်  ကိုယ်တယောက်အိမ်ကိုသတိရသောအားဖြင့်
သင်္ကြန်ထမင်းနဲ့  နောက်ပြီးတော့မုန့် လုံးရေပေါ်လည်းလုပ်ပါတယ်…။
ဓမ္မမိတ်ဆွေများအားလုံးကို စတုဒီသာဧည့်ခံကြွေးမွေးလိုက်ပါတယ်နော်…
အားမနာပဲအကုန်သာစားသွားပါလို့ …။
မုန့် လုံးရေပေါ်ထဲငရုပ်သီးမပါ ပါဘူး…
မိုးမျှော်သီးပဲပါတယ်…။ :)  :)
(မိုးမျှော်သီး=အလွန်စပ်သောငရုပ်သီးတမျိုး)
အားလုံးပဲနှစ်သစ်မှာ ဘေးဘယာဝေးကွာ၍ 
ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်…။
*
*
*