Monday, November 19, 2012

ကျွန်ုပ်၏တပိုင်းတစ ဒဿနများ (၅)


 လောကမှာ ပညာတတ်တွေသိပ်ပေါများပြီး
 နေရာတကာမှိုလိုပေါက်နေပေမယ့်
ပညာရှိသူတော်ကောင်းတွေကတော့ 
ဒီလောကမှာ ပြည်တန် ပတ္တမြားလိုရှားပါးနေဆဲပါပဲ...။

***********

 သူတော်ကောင်းနဲ့ ကြုံတွေ့ ရတဲ့အခါ ၀မ်းသာကျေနပ်သလို
သူယုတ်မာနဲ့ ကြုံတွေ့ ရတဲ့အခါမှာလည်း ကျေနပ်ဝမ်းသာလိုက်ပါ...
ဘာကြောင့်လည်းဆိုတော့...
သူတော်ကောင်းနဲ့ တွေ့ ရတဲ့အခါမှာ သင့်မှာမရှိသေးတဲ့ အသိပညာတွေကို
ထိုသူတော်ကောင်းဆီကရနိုင်သလိုပဲ...
သူယုတ်မာနဲ့ တွေ့ တဲ့အခါမှာလည်း
သင်ဟာဘ၀အတွေ့ အကြုံရင့်ကျက်တဲ့ 
အတွေးအခေါ်ပညာရှင်တယောက်ဖြစ်လာနိုင်လို့ ပါပဲ...။ 

***********

သူတော်ကောင်း တယောက်အတွက်
 လောကမှာ အခက်ခဲဆုံးနဲ့  စိတ်ဆင်းရဲစရာအကောင်းဆုံးကတော့ 
စောင့်စည်းရမယ့်လူ့ စည်းကမ်းဆိုတာဘာမှမသိ
ဟီရိသြတပတရားဆိုတာ ဘာမှနားမလည်တတ်တဲ့  
ဗာလနံနဲ့ ဖက်ပြိုင်ပြောဆိုရမှာကိုပါပဲ...။  

***********

ဘ၀ခရီးလမ်းမှာ သူယုတ်မာနဲ့ တွေ့ ရလေလေ
သူတော်ကောင်းကိုသည့်ထက်ပို၍မြတ်နိုးရကောင်းမှန်း
တန်ဘိုးထားရကောင်းမှန်းသိလေလေပါပဲ...။
 ထို့ အတူ...
သစ္စာမဲ့တဲ့သူနဲ့ တွေ့ ရလေလေ
သစ္စာတရားကို အသက်နဲ့ ထပ်တူ မြတ်နိုးကိုးကွယ်တတ်လေလေပါပဲ...။

***********

ရိုးသားမူ့ မရှိတဲ့ မည်သည့်လုပ်ရပ်မဆို အောင်မြင်နေသော်လည်း
အောင်မြင်ခြင်းမမည်...ကျဆုံးခြင်းသာဖြစ်၏...။

***********

 ရိုးသားမူ့ ရှိပြီး ခွှင့်လွှတ်ခြင်းနဲ့ သည်းခံတတ်တဲ့နှလုံးသားကို ပိုင်ဆိုင်တဲ့သူဟာ
လောကမှာပြည့်စုံမြင့်မြတ်သူပါပဲ...။

***********

 လူတယောက်ရဲ့ဘ၀ကို လူရာမ၀င်အောင် 
အကုသိုလ်မှန်သမျှ
မရှက်မကြောက်လုပ်ဝံ့၊ ကျူးလွန်ဝံ့၊ ပြောဝံ့အောင် 
တွန်းအားပေးနိုင်တဲ့အရာကတော့
အဲဒီလူရဲ့ လိမ်ညာလှည့်စားတတ်တဲ့အကျင့်စရိုက်ပါပဲ...။ 

***********

 မျက်ကန်း တစ္ဆေမကြောက်တတ်ဆိုသလို
ငရဲသွားဖို့ မကြောက်တတ်တဲ့သူဟာလည်းအကုသိုလ်လုပ်ဖို့ 
ဘယ်သောအခါမှမကြောက်တတ်ဘူး...။

***********

ညောင်စေ့လောက်ကုသိုလ်တရားဟာ 
 ညောင်ပင်လောက်အကျိုးကျေးဇူးရနိုင်သလို
ညောင်စေ့လောက်အကုသိုလ်ဟာလည်း
 ညောင်ပင်လောက်ဆိုးကျိုးတွေကိုယ့်ဆီပြန်လာနိုင်ပါတယ်...။

***********

ကမ္ဘာ လောကကြီးနဲ့ လူသားတွေကိုလောင်ကျွမ်းပျက်စီးစေနိုင်တဲ့အရာဟာ
အနုမြူထက်စွမ်းအားကြီးတဲ့ Hatred ပါပဲ...။

***********

သူတော်ကောင်းရဲ့လက်ထဲကို အတတ်ပညာတွေရောက်ရှိသွားခြင်းဟာ
magic wand လေးတခုရသလို လှပတဲ့အရာတွေလောကအတွက် ဖန်တီးဖြစ်ပေါ်လာနိုင်ပေမယ့်
မသူတော်ရဲ့လက်ထဲကို အတတ်ပညာတခုရောက်ရှိသွားပြီဆိုရင်တော့
 မျောက်မီးခြစ်ရသလို လောကတခွင် လောင်ကျွမ်းဖို့ သာရှိပေတော့တယ်...။

***********
 

ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...
*
*
*
      

No comments:

Post a Comment