Tuesday, October 30, 2012

*~~~သီတင်းကျွတ်ကရုဏာမီးပုံး~~~*


 မငြိမ်းချမ်းတဲ့
ကမ္ဘာကြီးထဲမှာ
မသမာ တဲ့လူတွေဟာ
သူတို့ ရဲ့ရင်ဘတ်ထဲက
မောဟမီးတောက်နဲ့ 
လောဘ မီးပုံးတွေ
ဒေါသ မီးပုံးတွေ
အဓမ္မ မီးပုံးတွေ
မနာလိုမူ့ မီးပုံးတွေ
ရက်စက်မူ့ မီးပုံးတွေ
ဟန်ဆောင်လိမ်ညာမူ့ မီးပုံးတွေ
တလောကလုံးကို
အရုပ်ဆိုးအကျည်းတန်အောင်
နေရာအနှံ့ အပြား
 အပြိုင်အဆိုင်
ထွန်းညှိလောင်ကျွမ်းနေကြတယ်...

"ဘ၀ဆိုတာ
ဖယောင်းတိုင်တိုလေးတခုလိုပါပဲတဲ့"
လောကကြီးကို
"သမာ"တဲ့အမြင်နဲ့ ကြည့်တတ်တဲ့သူတွေ
မြင်တတ်တဲ့သူတွေက ပြောခဲ့ကြလေရဲ့...။

လွန်ခဲ့တဲ့အတိတ်ကာလ...
လှပတဲ့ ကြာမျိုးငါးပါးဖူးပွင့်ပြီး
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့
လပြည့်နေ့ တနေ့ မှာ
အနှိုင်းမဲ့အရှင်
လောကရဲ့သခင်ကတော့
သူ့ ဘ၀ ဖယောင်းတိုင်လေးကို 
နတ်ဗိမာန်ဆီ အရောက်သွားပြီး
အမှောင်ထဲက သူ့ ကျေးဇူးရှင်နတ်သားအတွက်
အဘိဓမ္မာအလင်းရောင်တွေ 
တခန်းတနား ထွန်းညှိခဲ့ပြန်တယ်...။

"သီတင်းကျွတ်"တဲ့
သူတော်ကောင်းတွေ
မြတ်နိုးစွာနဲ့ သတ်မှတ်သမုတ်ခဲ့တဲ့
မြတ်ဗုဒ္ဓအရှင်ရဲ့ အိမ်အပြန်လမ်းမှာ
ဗြဟ္မစိုရ်တရားနဲ့ 
ကိုယ့်နှလုံးသား ကရုဏာမီးပုံးလေးကို
ခိုင်မြဲတဲ့မေတ္တာကြိုးတန်းမှာ
ငြိမ်းချမ်းတဲ့ မုဒိတာနဲ့ ချိတ်ဆွဲထားလိုက်တယ်...။ 



*
*
*

အားလုံးပဲဖြူစင်တဲ့နှလုံးသားနဲ့ လှပတဲ့မီးပုံးလေးတွေ
သီတင်းကျွတ်မှသည်.........ထာဝရထွန်းလင်းနိုင်ကြပါစေ...

                                                         
                                                      

No comments:

Post a Comment