Thursday, April 5, 2012
*~~~သင်္ကြန်အလွမ်း~~~*
သင်္ကြန်ရောက်တော့မယ်ဆိုတော့
သင်္ကြန်ကိုသတိရလို့ 
သင်္ကြန်သီချင်းလေးတွေနားထောင်မိတယ်။
ငယ်ငယ်တုန်းကတော့သင်္ကြန်မဏ္ဍပ်မှာတူညီဝတ်စုံလေးတွေဝတ်ပြီးသူငယ်ချင်းတွေနဲ့ အတူ
ရေကစားခဲ့တာလေးတွေသတိရမိတယ်။ အိမ်ရှေ့ က ပိတောက်ပင်ကြီးမှာ ပိတောက်ပန်းတွေ
အခုတော့လည်း သင်္ကြန်မရှိတဲ့အရပ်မှာ ပိတောက်နဲ့ လည်းဝေးခဲ့တာကြာပါပြီ...။
ကိုယ်ပိတောက်ပန်းလေးတွေကြိုက်တတ်မှန်းသိလို့ ကိုယ့်ညီမလေးက ပိတောက်ပန်းခြောက်
လေးတွေပို့ ခဲ့ပေးတယ်...။ ကိုယ့်ဒိုင်ယာရီစာအုပ်ထဲမှာသိမ်းထားတဲ့ပန်းခြောက်လေးတွေကြည့်ပြီး အိမ်ကိုလွမ်းမိပြန်တယ်။ (ငယ်ငယ်တုန်းကလိုပဲ ပန်းခြောက်လေးတွေကို ဒိုင်ယာရီစာအုပ်ထဲမှာ
ထဲ့သိမ်းထားတတ်တဲ့အကျင့်ကအခုထိမပျောက်သေး......။)
အိမ်ကိုလွမ်းလို့ ကဗျာလေးတွေရေးထားခဲ့တာတော့ကြာပါပြီ...
*~~~ချစ်သောအမေ (၁)~~~*
နွေ
နွေရောက်ပြန်ပြီအမေ
အလွမ်းတေးဆိုတဲ့ဥသြငှက်ကလေးတွေနဲ့ အတူ
ပိတောက်တွေလည်းပွင့်ကြပြန်ပြီပေါ့......
မိုး
မိုးရောက်ပြန်ပြီအမေ
တဖွဲဖွဲကျနေတဲ့မိုးစက်ကလေးတွေနဲ့ အတူ
စပယ်တွေလည်းပွင့်ကြပြန်ပြီပေါ့......
ဆောင်း
ဆောင်းရောက်ပြန်ပြီအမေ
အေးမြတဲ့နှင်းပွင့်ကလေးတွေနဲ့ အတူ
သဇင်တွေလည်းပွင့်ကြပြန်ပြီပေါ့......
ရာသီတွေလည်းအလီလီပြောင်းခဲ့ပြန်ပြီအမေ
မဟောင်းသေးတဲ့အတိတ်ဘ၀တွေကိုလွမ်းဆွတ်ရင်း
အနာဂတ်အတွက်ခရီးဆက်နေတဲ့အဝေးကသမီးကို
မျှော်နေဦးတော့မှာလားအမေရယ်......။ 
*~~~ချစ်သောအမေ (၂)~~~*
 မိုင်ထောင်ချီဝေးခဲ့ပြီအမေ
နှလုံးသားရဲ့အနက်ရှိုင်းဆုံးတနေရာမှာ
အမေ့ပုံရိပ်တည်ရှိနေဆဲ......
ဘယ်လိုပဲဖြစ်ဖြစ်
ဒီကမ္ဘာကြီးမပျက်စီးသ၍
အမေရှိနေဦးမယ်လို့ ယုံကြည်လျှက်ပါ......။
မြစ်ချောင်းအင်းအိုင်တွေခမ်းခြောက်သွားပါစေ
တောတောင်ရေမြေတွေပျက်သုန်းသွားပါစေ
ဆိုးရွားတဲ့မုန်တိုင်းတွေဘယ်လောက်ပဲ မွှေနှောက်ခဲ့ပါစေ
ရက်စက်ကြမ်းတမ်းတဲ့စစ်ပွဲတွေဘယ်လောက်ပဲပြင်းထန်ခဲ့ပါစေ
အမေဟာဘယ်တော့မှအကျည်းမတန်နိုင်ပါဘူး
အစဉ်အမြဲလှပနေမှာပါ......။
ဖြူစင်တဲ့အမေ
ရိုးသားတဲ့အမေ
ဂုဏ်သရေရှိတဲ့အမေ
ဘာမထီသူရဲကောင်းတွေမွေးဖွားတဲ့အမေ
မြင့်မြတ်တဲ့ဘာသာတရားနဲ့ 
ရာဇ၀င်တွေကြီးမြတ်ခဲ့တဲ့
အမေ့ရဲ့ဒီမြေဒီရေမှာ
ငြိမ်းချမ်းရေးပန်းတွေထာဝရပွင့်လန်းပါစေ......။
 အားလုံးပဲအေးမြတဲ့သင်္ကြန်ရေနဲ့ အတူ
No comments:
Post a Comment