Sunday, November 13, 2011

*ကိုယ်နွမ်းသော်လည်းစိတ်မပမ်းပါ*


အပြောလွယ်သလောက်အလုပ်ခက်တာကတော့ကိုယ်နွမ်းပေမယ့်စိတ်မပမ်းအောင်နေတတ်ဖို့ ပါပဲ။
ဒါပေမယ့်...သတိနဲ့ နေတဲ့အလေ့အကျင့်ကိုလုပ်တာများလာရင် တဖြေးဖြေးရလာမှာပါ။
ဒီလိုလေ့ကျင့်ရင်းနဲ့ စိတ်မပမ်းအောင်နေတတ်လာတဲ့တပည့်တွေကပြန်ပြောပြတာကို
မကြာခနကြားရပါတယ်။ စိတ်မပမ်းအောင်နေတတ်လာတဲ့တပည့်တွေပြောပြတာကြားရတိုင်း
ပီတိဖြစ်ရပါတယ်။
အချိန်တော့အများကြီးပေးပြီးလေ့ကျင့်ရပါတယ်။
လေ့ကျင့်လို့ ပြီးသွားပြီလို့ ဘယ်တော့မှပြောလို့ ရမှာမဟုတ်ပါဘူး။
အမြဲတမ်းလေ့ကျင့်နေရမှာပါပဲ။ တဖြေးဖြေးတော့လွယ်လာမယ်။
စိတ်ပမ်းလာတာနဲ့ သတိဝင်လာပြီးတော့စိတ်ကဥပေက္ခာဖြစ်လာမယ်။
ဥပေက္ခာစိတ်နဲ့ နေရတာ ပိုပြီးသက်သာပါတယ်...။

ဥပေက္ခာအမျိုးမျိုးရှိပါတယ်။ ဥာဏ်ပါတဲ့ဥပေက္ခာကပိုပြီးတော့ ဥာဏ်ပညာရင့်ကျက်လာဖို့ 
အကြီးမားဆုံးအထောက်အပံ့ဖြစ်ပါတယ်။ ဥာဏ်မပါတဲ့ဥပေက္ခာကတော့ဖြစ်တုန်းမှာစိတ်သက်သာ
ပေမယ့် စိတ်ဓါတ်ရင့်ကျက်မူ့ ကိုအထောက်အပံ့မပေးဘူး...။
တချို့ စိတ်ငြိမ်ဆေးသောက်ပြီး စိတ်မှာဥပေက္ခာဖြစ်အောင်လုပ်တာရှိပါတယ်။
အဲဒီနည်းလမ်းကဖြတ်လမ်းနည်းဖြစ်တယ်။ ဖြတ်လမ်းနည်းတွေဟာရေရှည်မှာပြဿနာကိုပိုကြီးစေတယ်။
ဆေးကိုအားကိုးတဲ့သူဟာ ဆေးတမျိုးမတိုးတော့ရင်နောက်ဆေးတမျိုးပြောင်းရမယ်။
ဆေးကိုတဖြေးဖြေးပိုသောက်ရမယ်။
ဒါကြောင့် ဆေးအားကိုးပြီးဥပေက္ခာဖြစ်အောင်မလုပ်ဖို့ သတိပေးလိုက်ပါတယ်။

တရားနဲ့ လုပ်ပါ။ တရားနဲ့ လုပ်တာက ကိုယ့်ကိုယ်ကိုအားကိုးတဲ့သဘောဖြစ်လို့ 
ရေရှည်မှာပိုပြီးတော့အကျိုးများပါတယ်။ ဥာဏ်ရင့်ကျက်လာလေလေ ၀မ်းသာဝမ်းနည်း
ဖြစ်တာနည်းလေလေ တည်ငြိမ်အေးချမ်းလေလေဖြစ်လာမယ်။
ကိုယ်ရောစိတ်ပါပိုပြီးကျန်းမာလာမယ်။ ကိုယ်နွမ်းသော်လည်းစိတ်မပမ်းအောင်အမြဲတမ်း
သတိနဲ့ နေနိုင်ပါစေ...။

ကိုယ့်ကိုအများဆုံးစိတ်ဆင်းရဲစေတာကိုယ့်အတွေးတွေပဲ။
ဒီစကားမှားသလား မှန်သလားဆိုတာ ကိုယ့်ဟာကိုယ်ကိုယ်တွေ့ ဖြစ်အောင်
ကိုယ့်စိတ်ထဲမှာဘာတွေတွေးနေသလဲဆိုတာကိုစောင့်ကြည့်ပါ။
ကိုယ့်စိတ်ကိုကိုယ်ပိုသိပြီး ကောင်းတဲ့အခြေအနေမှာထားနိုင်ရင် ကိုယ့်ဘ၀ပိုအဆင်ပြေမယ်။
မသိရင်တော့ခက်လိမ့်မယ်။

လူတွေဟာကိုယ့်ပတ်ဝန်းကျင်မှာ မသင့်တော်တာ ကိုမြင်ရရင် ပြုပြင်ချင်ကြတယ်။
ပြုပြင်ဖို့ လိုပါတယ်။ ဒါပေမယ့် "ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ "
ဆိုတဲ့သဘောထားမျိုးနဲ့ တော့လောကကြီးကိုကောင်းအောင်ပြုပြင်လို့ မရပါဘူး။
ငါလုပ်သလိုလုပ်ဆိုပြီး ကိုယ်ကရှေ့ ကနေကောင်းတာတွေလုပ်သွားမှ ကိုယ့်စကားဟာ
ထိရောက်မယ်။

လူတိုင်း မရိုးသားတဲ့လူနဲ့ ဆက်ဆံရတဲ့ ဒုက္ခကိုကြုံဖူးပါတယ်၊
လူတွေရိုးသားကြရင်ကောင်းမှာပဲလို့ တွေးကြမှာပဲ။ တောင့်တကြမှာပဲ။
ရိုးသားတဲ့လူကိုတွေ့ ချင်မှာပဲ။ ကိုယ်တွေ့ ချင်တဲ့ရိုးသားတဲ့လူကိုမှန်ထဲမှာ
မြင်ရရင်အကောင်းဆုံးပါပဲ။

ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ ) ရေးသားသော
"ကိုယ်နွမ်းသော်လည်းစိတ်မပမ်းပါ
သူ့ ကိုပြင်ချင်ရင်ကိုယ့်ကိုယ်ကိုအရင်ပြင်"စာအုပ်မှ
အမှာစာကိုကောက်နှုတ်ဖေါ်ပြပါသည်...။ 

ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ပါစေ~~~

No comments:

Post a Comment