Friday, August 5, 2011

အရေးကြီးသောဘ၀လိုအပ်ချက်


လောက၌ အလှဆုံးတရားသည် မေတ္တာ
အမြတ်ဆုံးတရားသည် သစ္စာ
မေတ္တာက မအောင်မြင်နိုင်သော ဘေးရန်သည်မရှိ

သစ္စာက မစွမ်းဆောင်ပေးနိုင်သောအရာသည်မရှိ။

လောကကို ပြည့်စုံလှပစေသည်မှာ မေတ္တာ

လူသားတို့ အား တရားမျှတမူ့ ကိုပေးစွမ်းနိုင်သည်မှာ သစ္စာ။


( ဒေါက်တာ မင်းတင်မွန်၏ မေတ္တာနှင့်သစ္စာ စာအုပ်မှ......)


မြတ်သီလဟူသည်

က္ကစ္ဆာသယ လိုတိုင်းရစေသော မြတ်ရွေအိုး၊
ကုသိုလ်တရားအားလုံးတို့ ၏အမွန်အစ၊ သာသနာတော်၏ အုတ်မြစ်၊ အမျိုးကောင်းသားသမီးတို့ ၏ထောက်တည်ရာ၊
အမျိုးသားယဉ်ကျေးမူ့ ၏ အဓိကမဏ္ဍိုင် ၊

လောက၏ အလှဆုံးတန်ဆာ၊

လေအောက်လေညာ သင်းပျံ့ ကြိုင်လှိုင်သောရေမွှေးနံ့ သာ၊

ငယ်စဉ်အခါမှအိုမင်းသည်အထိ မွန်မြတ်ချမ်းသာစေသောတရား၊
ဘ၀ချမ်းသာရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့ ကိုလက်ငင်းပေးနိုင်သောတရားဖြစ်သည်။
ကြီးပွားချမ်းသာလိုလျှင် သီလစောင့်ပါ၊
ကျော်ကြား ထင်ရှားလိုလျှင်သီလစောင့်ပါ၊
လူချစ်လူခင်ပေါများလိုလျှင် သီလစောင့်ပါ၊

သီလအကြောင်းကို ကောင်းကောင်းသိမှ
သီလကိုအသက်တမျှ မြတ်နိုးယုယနိုင်မည်။


သီလဟူသည် ကိုယ်ကျင့်တရား၊
ကိုယ်ကျင့်တရားသည်သင်၏ အရေးကြီးဆုံး
အမွန်မြတ်ဆုံး
အရည်အသွေးဖြစ်သည်။
သင့်ဘ၀၏ ချမ်းသာအေးမြမူ့ ကြီးပွားတိုးတက်မူ့ 
ကျော်ဇောထင်ရှားမူ့ တို့ ကို သီလကလက်ငင်းဖြည့်
တင်းပေးနိုင်သည်။
မွေးဖွားသည်မှ သေဆုံးသည့်တိုင်အောင်
ကောင်းမြတ် ချမ်းသာသောတရားသည် သီလဖြစ်၏။

သီလကို အသက်နှင့် ထပ်တူထပ်မျှ မြတ်နိုးယုယကြ။

လေအောက် လေညာ နတ်ရွာဗြဟ္မာပြည်တိုင်အောင်
သင်းကြိုင်မွှေးပျံ့ သောအမွှေးကြိုင်ဆုံးအရာသည်
သီလဖြစ်၏။
သီလဖြင့် ကိုယ်ကိုထုံမွှန်းကြ။

ပျိုပျိုအိုအို အရွယ်မရွေး လူမျိုးမရွေး ဘာသာမရွေး
ဆင်တိုင်းတင့်တယ်လှပ စေသော အလှဆုံးအဆင်တန်ဆာသည် သီလဖြစ်၏ ။
သီလ အဆင်တန်ဆာကိုဝတ်ရုံကြ။

ငယ်ငယ်ကမသေ၊ အသက်ရှည်ကြာအနာကင်းမဲ့ကာ
ချမ်းသာပျော်ရွှင်စွာ
သွားလာနေထိုင်စေနိုင်သော
အသက်ရှည်ဆေးသည် သီလဖြစ်၏။

သီလကို ငယ်စဉ်အခါမှ စ၍ စောင့်ထိန်းကြ။
တရားစောင့်သူကို တရားကပြန်လည်စောင့်ရှောက်၏။

သီလလုံခြုံမှ သင့်ဘ၀လုံခြုံပြည့်စုံလိမ့်မည်။

သင့်နှလုံးသားမှ သီလကိန်းဝပ်မှ
သံသရာမှာသင်ထောက်တည်ရာကိုရသည်။

သီလမြေပေါ်တွင် ရပ်၍ သမာဓိ-ပညာဖြည့်ဆည်းကာ
နိဗာန်ရွှေပြည်မြတ်သို့ 
တက်လှမ်းပါလော့။
သုဂတိဘုံ နတ်ဘုံသို့ တက်လှမ်းရန် သီလနှင့်တူသော
စောင်းတန်းလှေကားသည်မရှိ။

နိဗာန်ရွှေပြည်မြတ်သို့  ၀င်ရောက်ရန်အတွက်လည်း
သီလနှင့်တူသော တံခါးပေါက်မည်သည်မရှိ။

မြတ်တန်ဆာ
သီလရတနာ ၊ မြတ်တန်ဆာလည်း၊ သတ္တ၀ါခပင်း ၊

မင်းဆင်းရဲသား ၊ မပိုင်းခြားဘူး ၊ လေးပါးမျိုးနွယ်၊ ကြီးငယ်မဆို ၊
ရွယ်ပျိုရွယ်ရင့် ၊
ဆင်တိုင်းတင့်၏။
( မာဃဒေ၀လင်္ကာ )

မြတ်နိုးအားကိုးစရာ
သီလရနံ့  မွှေးပျံ့ ကြိုင်စွာ ၊
သီလဆင်သိုင်း ၊ ရူ့ တိုင်းလှပါ၊

သီလစောင့်ငြား၊ မလားပါယ်ရွာ ၊
မြတ်သီလ နိစ္စကိုးကွယ်ရာ။

( မဟာစည်ဆရာတော် )

( ဒေါက်တာမင်းတင်မွန်၏ မြတ်သီလစာအုပ်မှ...)

ရှေးဘ၀ နောက်ဘ၀သည် အရေးကြီးသောဘ၀ပြဿနာတရပ်ဖြစ်သည်။

ဘ၀ပြဿနာဟူသည်မှာ ဘာသာရေးပြဿနာမျှသာမဟုတ်၊
အဓိကကျသောလူမူ့ ရေးပြဿနာ
တစ်ရပ်လည်းဖြစ်ပေ၏ ။
ဘ၀အမြင်မကြည်လင်လျှင် မိစ္ဆာဒိဋ္ဌိအယူဝင်လာမည်။

အယူလွဲမှားသော် စိတ်ဖြစ်တိုင်းအပြစ်ရှိ၍ ခြေလှမ်းတိုင်းအပါယ်တံခါးဝသို့ ဦးတည်နေလိမ့်မည်။

ငြိမ်းချမ်းသာယာသောဘ၀ကိုမရရှိနိုင်။ ဥာဏ်အမြင်ရှင်းမှ အယူဖြောင့်စင်းမည်။ အယူဖြောင့်စင်းမှ ကောင်းမြတ်သောဘ၀, တန်ဘိုးကြီးမားသောဘ၀,
အကျိုးစီးပွားမြားမြောင်သော
ဘ၀ကို ထူထောင်နိုင်လိမ့်မည်။
အတိတ်ဘ၀များနှင့် အနာဂတ်ဘ၀များကို ယုံကြည်ခြင်းသည်
ကမ္မဿကတာ သမ္မာဒိဋ္ဌိ၏
အခြေခံလိုအပ်ချက်ပင်ဖြစ်သည်။
မှန်ကန်သောအယူဝါဒကိုမြင်သိရေးကား စား, ၀တ်, နေရေးထက်ပို၍အရေးကြီး၏။

ထို့ ကြောင့် လက်ငင်းဘ၀တွင် အရေးကြီးဆုံးလိုအပ်ချက်သည်
သမ္မာဒိဋ္ဌိ အယူကိုခံယူရခြင်းပင်ဖြစ်သည်။


As a man believes so he thinks, and as he thinks, so he acts.

လူတယောက်သည် သူယုံကြည်သည့်အတိုင်း တွေးခေါ်၍ သူတွေးခေါ်သည့်အတိုင်းပြုလုပ်လိမ့်မည်။


Only the right view can lead to true happiness and complete peacefulness.

မှန်ကန်သော အယူနှင့်အမြင်သည်သာ စစ်မှန်သောပျော်ရွှင်မူ့ နှင့် ပြည့်ဝသောငြိမ်းချမ်းမူ့ ကို ဆောင်ကြဉ်းပေးနိုင်ပါသည်။

( ဒေါက်တာ မင်းတင်မွန်၏ ရှေးဘ၀ နောက်ဘ၀ သိပ္ပံနည်းကျ အထောက်အထားများ
စာအုပ်မှ... ကောက်နှုတ်ဖေါ်ပြခြင်းဖြစ်ပါသည်...။ )



No comments:

Post a Comment