Friday, July 8, 2011

ကျွန်ုပ်၏တပိုင်းတစ ဒဿနများ ( 2 )



လူတိုင်းမှာ
အတွေးကိုယ်စီရှိကြတယ်
အချိန်တိုင်းမိနစ်တိုင်းစက္ကန့် တိုင်း

တွေးနေကြတယ်.......ရေးရေးလေး
အဲဒီအတွေးတွေဟာ
ဒီကမ္ဘာကြီးကိုလွှမ်းမိုးထားတယ်တဲ့လား......။


အချို့ က Evil Thoughts
အချို့ က Good Thoughts
အတွေးတွေကပုံစံအမျိုးမျိုးနဲ့ ဖန်တီး
အရောင်အမျိုးမျိုးနဲ့ ခြယ်သ
အချို့ ကတိမ်လို လေလို
တွေးပြီးတာနဲ့ မကြာခင်ပျောက်ကွယ်
အချို့ ကတော့ခိုင်မာတဲ့အဆောက်အအုံကြီးလို
အတွေးတွေနဲ့ ဘ၀ကိုတည်ဆောက်
အတွေးတွေနဲ့ ဘ၀ကိုပုံဖေါ်
အတွေးတွေနဲ့ ဘ၀ကိုလှော်ခတ်
အတွေးတွေနဲ့ ဘ၀ကိုနစ်မြှုပ်
အတွေးတွေနဲ့ ဘ၀ကိုလွတ်မြောက်
အတွေးတွေနဲ့ 
ဘ၀ကို......
ဘ၀ကို......

အချို့ က
သိဒ္ဓတ္ထလိုတွေးတယ်
အချို့ က ဒေ၀ဒတ်လိုတွေးတယ်
အချို့ က မဟော်သဓာလိုတွေးတယ်
အချို့ က ဂန္ဒီလိုတွေးတယ်
အချို့ က ဒလိုင်းလားမားလိုတွေးတယ်
အချို့ က ဟစ်တလာလိုတွေးတယ်
အချို့ က ဂဒါးဖီလိုတွေးတယ်
အချို့ က ဟူဂျင်တိုလိုတွေးတယ်
အချို့ က ဖူတင်လိုတွေးတယ်
အချို့ က အိုစမာဘင်လာဒန်လိုတွေးတယ်
အချို့ က အိုင်စတိုင်းလိုတွေးတယ်
အချို့ က စတိဗ်ဂျော့ဗ်လိုတွေးတယ်
အချို့ က ဘီလ်ဂိတ်လိုတွေးတယ်
အချို့ ကပညာရှိလိုတွေးတယ်
အချို့ ကပညာမဲ့လိုတွေးတယ်
အချို့ ကလူကြီးလိုတွေးတယ်
အချို့ က ကလေးလိုတွေးတယ်
အချို့ ကအရူးလိုတွေးတယ်
အတွေးတွေ......
အတွေးတွေ......

ဒီအတွေးတွေနဲ့ ...
လူတချို့ ကဆင်ကြံ ကြံတယ်...
လူတချို့ က၀ံပုလွေလိုကောက်ကျစ်တယ်...
လူတချို့ ကမြေခွေးလိုစဉ်းလဲတယ်...
လူတချို့ ကကျားလို အကွက်ချောင်းတယ်...
လူတချို့ ကသိုးအရေကိုခြုံထားတယ်...
လူတချို့ ကလက်သည်းဖွက်ထားတဲ့မခုတ်တတ်တဲ့ကြောင်လို
လူတချို့ ကတော့အစွယ်တဖွားဖွားနဲ့ ထိမ်းမနိုင်သိမ်းမရ
လူတချို့ ကတော့သွားရည်တမြားမြားနဲ့ ကြိုက်မရှက်ငိုက်မရှက်
လူတချို့ ကဘီလူးရုပ်နဲ့ မင်းသားခေါင်းဆောင်းထားတယ်...
လူတချို့ ကထောင်ချောက်ဆင်ကြတယ်
လူတချို့ ကအတ္တနဲ့ ကိုယ့်အတွင်းကိုယ်တူးကြတယ်...
လူတချို့ ကတရားစကားတွင်တွင်ပြောပြီး
အမှားများကိုလူမမြင်အောင်လုပ်ကြတယ်…
လူတချို့ ကပါးစပ်ကဘုရားဘုရား
လက်က ကားယားကားယား
လူတချို့ က ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ 
လူတချို့ ကလမ်းပြကြတယ်...
လူတချို့ ကလမ်းပေါ်ကဆွဲချတယ်
လူတချို့ ကလမ်းပျောက်ကြတယ်
လူတချို့ ကလမ်းရှာတွေ့ ကြတယ်
လူတချို့ ကအနင်းခံကြတယ်
လူတချို့ ကတွေ့ သမျှအကုန်နင်းတယ်
လူတချို့ ကကမ္ဘာကြီးကိုလူသတ်ကွင်းအဖြစ်ဖန်တီးတယ်။
အတွေးတွေ......
အတွေးတွေ......



ဒီအတွေးတွေနဲ့ ပဲ
ရှင်သန်ကြ
သေဆုံးကြ
ငိုကြ
ရယ်ကြ
ပျော်ကြ
ရွှင်ကြ
ဝမ်းနည်းကြ
ဝမ်းသာကြ
ချစ်ကြ
မုန်းကြ
လှောင်ကြ
ပြောင်ကြ
ခနဲ့ ကြ
ရွှဲ့ ကြ
တိုက်ကြ
ခိုက်ကြ
သတ်ကြ
ဖြတ်ကြ
လုကြ
ယက်ကြ
လိမ်ကြ
ညာကြ
ခိုးကြ
ဝှက်ကြ
ဓါးမြတိုက်ကြ
ဂတုံးပေါ်ထိပ်ကွက်ကြ
အမြတ်ထုတ်ကြ
မသမာမူ့ တွေ
ဘယ်သူသေသေ
ငတေမာရင်ပြီးရောဆိုတဲ့
လောက်တက်နေတဲ့အတွေးတွေ
ဒီအတွေးတွေနဲ့ 
လူတွေ......
လူတွေ......

အတွေး=စိတ်
စိတ်=အတွေး
တွေးနေတဲ့အတွေးကစိတ်
စိတ်ထဲကတွေးနေတာအတွေး
စိတ်တွေ...
အတွေးတွေ...
လူ...တွေ

Cultivate Good Thoughts
Abandon Evil Thoughts
"ကောင်းတဲ့သူတော်ကောင်းအတွေးကိုတွေးပါ "
"မကောင်းတဲ့သူယုတ်မာအတွေးကို မတွေးပဲ စွန့် ပြစ်လိုက်ပါ " 
မဟာကရုဏာရှင်ကတော့ပြောခဲ့ပါတယ်...

သို့ သော်…
ကမ္ဘာကြီးကတော့
အသက်ထွက်လုနီးနီးလူနာလို
အဲဒီစကားက
မကြားတချက်
ကြားတချက်နဲ့ ....
မကြားတချက်...
ကြားတချက်နဲ့ ပါပဲ...။

No comments:

Post a Comment