Monday, April 12, 2010

လူမိုက်၏သဘော ( အထွေထွေမှတ်သားဖွယ်ရာ ) ( ၃ )



ငါသာငါထက် ၊ မာန်မတက်နှင့် ၊ အထက်နေမင်း ၊လေးကျွန်းချဉ်းလည်း ၊ မလင်းတိမ်တိုက် ၊ တစ်ကျွန်းမိုက်၏။ နှိုင်းလိုက်သည်သာ ဤအရာကို ပညာရှိက ၊ သတိရလိမ့်။
( ရှင်မဟာသီလ၀ံသ )

ပုထုဇဉ်လူ့ ဗာလတို့ ၌ လောဘသည် ဆန္ဒထက်အလွန်အားကြီး၏။ ပညာရှိတို့ ကား ဆန္ဒသည် လောဘထက် အလွန်အားကြီး၏။ ထို့ ကြောင့် လောဘ၏လက်ထဲသို့  ရောက်နေသော ပုထုဇဉ်သည် လောကီစည်းစိမ်ကို မစွန့် နိုင်။ သို့ ဖြင့် ၀ဋ်ဆင်းရဲမှ မထွက်မြောက်နိုင်။
( မြို့ မမောင် - တရားမှတ်စုသုံးရာ )

အရေခြုံများကိုသတိပြုလေ။ သူမိုက်သူယုတ်တို့ သည် အမြဲအရေခြုံလေ့ရှိသည်။ သူယုတ်မာ၏ကယ်ဆယ်ကူညီ
ခြင်းသည် ကြောက်မက်ဖွယ်အကောင်းဆုံးဘေးကြီးပင်ဖြစ်၍ သူတဦး၏ဇာတိကို ထောက်လှမ်းစုံစမ်း၍ သူယုတ်မာကိုဝေးစွာရှောင်ကြဉ်အပ်ချေ၏။ မလွှဲမကင်းသာ၍ဆက်ဆံရလျှင်လည်းအတွင်းအပနှစ်ဝအားဖြင့် မယုံကြည်ဘဲ ၄င်းနှင့် လျှော်ရုံကိုသိပြီးလျှင် လျှော်သည်ထက်ပိုမိုမြှောက်စားမိမည်ကိုသတိပြုရာ၏။
( စစ်ကိုင်း ဦးဘိုးသင်း ၊ ဖာတလုံးခေါင်းကျား )

ရေမျော ထင်းဟောင်း ဆယ်သော်ကောင်း၏ ။ အကြောင်းမညှာ ၊ ပညာမဲ့ထ လူ့ ဗာလကို ၊ မ စ ကယ်မိ၊ အပြစ်ရှိခဲ့ ၊ အသိကျေးဇူး ၊ ထိန်မြူးပျောက်ချေ ၊ ကြက်သောက်ရေသို့ ၊ ပျောက်ကြေဆုံးဘိ ၊ ကျိုးမရှိတည့် ။
( မာဃဒေ၀ ၂၀၉ )

ဗဟုသုတ ၊ မရှိကမူ ၊ လျှောကျရေတူ ၊ လူမဟူရ ၊ ရှက်ကြီးရလိမ့် ၊ နောင်တဆယ်ကြိမ်၊ ညှိုးပိန်မျက်နှာ ၊ ပွဲမှာမ၀င် ပြင်မှာမရောက် ၊ တောမှာမျောက်သို့ ၊ ခြေထောက်လက်စုံ၊ ရှိပါတုံလျှက် ၊ လူပျက်လူနှမ်း လူ့ ပေါက်ပန်းနှင့် လူသွမ်းလူပေါ့၊ တသော့သော့ဟု ၊ ကဲ့ရဲ့ ပြုလိမ့်။
( ပုတ္တေ၀ါဒပျို့  )

လူ့ လောကတွင် လူမိုက်များစွာရှိပေသည်။ အခြားသူများမိုက်မဲလေသောကြောင့် မိမိကပါ မိုက်မဲရသည် ဆိုသည်မှာအကြောင်းအကျိုးမှန်သော သဘောတရားမဟုတ်ပေ။
( လှသမိန် )

ဒေါသဖြစ်တယ်ဆိုတာ မစင်နဲ့ ပက်တာကို မစင်နဲ့ ပြန်ပက်တာနဲ့ တူတယ်။ သူများမိုက်မှားတာကို မိမိကပြန်မိုက်မှားတာနဲ့ အတူတူပဲ။
( ရှောလမုန်သုတ္တန်စကားမှ )

သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )

No comments:

Post a Comment