Wednesday, February 24, 2010

လူမိုက်၏သဘော ( ၂ )



  • လူမိုက်၌ ကိုယ်ခန္တာအားရှိပါမူမကောင်းချေ။ အနိုင်အထက် သူတပါးဥစ္စာကို ရအောင်ယူတတ်၏။ ပညာနည်းသော ထိုသူမိုက်သည် ကိုယ်ခန္တာပျက်သည်၏ နောက်၌ငရဲသို့ ရောက်ရ၏။
  • အိမ်၌ဖျက်ဆီးတတ်သည်ကားကြွက်တည်း။ တော၌ဖျက်ဆီးတတ်သည်ကား မျောက်တည်း။ ငှက်၌ဖျက်ဆီးတတ်သည်ကား ကျီးတည်း။ လူ၌ဖျက်ဆီးတတ်သည်ကားလူမိုက်တည်း။
  • လောက၌ ဟင်္သာသည် ကျီးတို့ ၏အလယ်၌ မတင့်တယ်ချေ။ ခြင်္သေ့သည် နွားတို့ ၏အလယ်၌မတင့်တယ်ချေ။
  • မြင်းသည် မြည်းတို့ ၏အလယ်၌ မတင့်တယ်ချေ။ သူမိုက်တို့ ၏အလယ်၌ ပညာရှိသည်မတင့်တယ်ချေ။
  • လူမိုက်သည် အသက်ထက်ဆုံးလည်း ပညာရှိကို အကယ်၍ဆည်းကပ်ငြားသော်လည်း ထိုလူမိုက်သည် တရားကိုမသိချေ။ အဘယ်ကဲ့သို့ နည်းဟူမူကား ယောက်မသည် ဟင်း၏အရသာကို မသိသကဲ့သို့ တည်း။
  • ဥစ္စာမရှိပဲ ကာမဂုဏ်လိုလားလွန်းသူ၊ ခွန်အားမရှိပဲ အသတ်အပုတ်ကြိုက်သူ၊ ပညာမရှိပဲ စကားလိုလားသူ။
  • ဤသူတို့ ကားလူမိုက်များနှင့်တူကုန်၏။
  • နိုးနေသူ၏ ညဥ့်သည်ရှည်လျှားလှ၏။ သူတော်ကောင်းတရားကိုမသိကြသောလူမိုက်တို့ ၏သံသရာသညလည်းရှည်လျှား၏။
  • လူမိုက်တို့ မည်သည် သူတပါးတို့ ၏ နှမ်းစေ့ခန့် မျှသော အနည်းငယ်အပြစ်ကိုမြင်၏။ အုန်းသီးခန့် ကြီးသောကိုယ့်အပြစ်ကိုကိုယ်မမြင်တတ်ပေ။
  • သူမခေါ်ပဲလျှက် သူများအိမ်သို့ သွားဖန်များသောသူ။ သူမမေးပဲ များစွာပြောဟောတတ်သောသူ။ မိမိဂုဏ်ကျေးဇူးကိုပလွှားတတ်သောသူ (၀ါ) ကိုယ်ရည်သွေးတတ်သောသူ၊ ဤသုံးပါးသည် လူမိုက်၏လက္ခာဏာတည်း။
  • ပိတုန်းသည်ပန်းကိုအလိုရှိကုန်၏။ သူတော်ကောင်းတို့ သည် ဂုဏ်ကျေးဇူးကိုအလိုရှိကုန်၏။ ယင်ကောင်တို့ 
  • သည်အပုပ်ကိုအလိုရှိကုန်၏။ လူမိုက်တို့ သည် အမျက်ဒေါသကို အလိုရှိကုန်၏။

သုတေသီ ဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနောမှ ကောက်နှုတ်ဖေါ်ပြသည် )

No comments:

Post a Comment