Sunday, February 28, 2010

လူမိုက်၏သဘော ( ၃ )


  • လောက၌ ကြံသည်အဖျားမှအစဉ်သဖြင့်အဆစ်တိုင်း အဆစ်တိုင်း လွန်သောထူးသောအရသာရှိ၏။
  • မိတ်ဆွေခင်ပွန်းကောင်းဖြစ်သောသူတော်သူမြတ်သည်လည်း ထိုကြံ၏အဖျားမှအရင်းတိုင်အောင်လွန်၍လွန်၍ချိုသူနှင့်တူ၏။

  • လူမိုက် (၀ါ) မိတ်ဆွေတုကားအရင်းအစ၌သာချို၍အဖျားတိုင်အောင်မချိုသောကြံ၏သဘောနှင့်တူ၏။

  • လောက၌ နည်းပါးသောအကြားအမြင်ရှိသောသူသည် အနည်းငယ်သောအကြားအမြင်ကိုအများအောက့်မေ့တတ်၏၊ မာန်ရှိတတ်၏၊
  • အဘယ်ကဲ့သို့ နည်းဟူမူကား သမုဒ္ဒရာရေကို မမြင်ဖူးသောဖားသူငယ်သည် တွင်းဝ၌ရေကိုအများကြီးထင်သကဲ့သို့ တည်း။

  • လောက၌ ပထမအရွယ်၌ အတတ်ပညာမရခဲ့၊ ဒုတိယအရွယ်၌ဥစ္စာမရခဲ့၊ တတိယအရွယ်၌တရားမရခဲ့၊
  • စတုတ္ထအရွယ်၌ အဘယ်သို့ ပြုနိုင်အံ့နည်း။

  • ရန်သူနှင့်လည်း အကျွမ်းမ၀င်ရာ ( မယုံကြည်ရာ )
  • အဆွေခင်ပွန်းနှင့်လည်း အလွန်အကျွမ်းမ၀င်ရာ ( မယုံကြည်ရာ )
  • တခါတရံ အဆွေခင်ပွန်းသည် အမျက်ထွက်လတ်သော် ခပ်သိမ်းသောအပြစ်တို့ ကို ထင်ရှားပြတတ်၏။

  • လောက၌ မစင်အတိပြည့်သော ကျဉ်းမြောင်းသော အရပ်၌ နေရခြင်းသည် ဆင်းရဲ၏။
  • ထို့ ထက်မချစ်မနှစ်သက်သော ရန်သူနှင့်နေရခြင်းသည်ဆင်းရဲ၏။
  • ထို့ ထက်လည်း သူ့ ကျေးဇူးကိုမသိတတ်သောသူနှင့် နေရခြင်းသည်လည်းဆင်းရဲ၏။

  • ဆုံးမသင့်သောအရာ၌ဆုံးမရာ၏။ မပြတ်ဆုံးမရာ၏။
  • မကောင်းသော အကျင့်မှလည်းတားမြစ်ရာ၏။ ထိုစကားသင့်စွ။
  • ဆိုဆုံးမတတ်သူကို သူတော်ကောင်းတို့ သည်ချစ်ခင်အပ်သည်ဖြစ်၏။ လူမိုက်တို့ ကမူမုန်းတီး၏။

  • အကြင်သူသည် သူတော်ကောင်းကို ချစ်ခြင်းမပြုချေ။ မသူတော်တို့ တရားသာလျှင် နှစ်သက်၏။ ထိုအကျင့်အမူသည် ထိုသူအား ပျက်စီးမည့်အကြောင်းပေတည်း။

သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )

Wednesday, February 24, 2010

လူမိုက်၏သဘော ( ၂ )



  • လူမိုက်၌ ကိုယ်ခန္တာအားရှိပါမူမကောင်းချေ။ အနိုင်အထက် သူတပါးဥစ္စာကို ရအောင်ယူတတ်၏။ ပညာနည်းသော ထိုသူမိုက်သည် ကိုယ်ခန္တာပျက်သည်၏ နောက်၌ငရဲသို့ ရောက်ရ၏။
  • အိမ်၌ဖျက်ဆီးတတ်သည်ကားကြွက်တည်း။ တော၌ဖျက်ဆီးတတ်သည်ကား မျောက်တည်း။ ငှက်၌ဖျက်ဆီးတတ်သည်ကား ကျီးတည်း။ လူ၌ဖျက်ဆီးတတ်သည်ကားလူမိုက်တည်း။
  • လောက၌ ဟင်္သာသည် ကျီးတို့ ၏အလယ်၌ မတင့်တယ်ချေ။ ခြင်္သေ့သည် နွားတို့ ၏အလယ်၌မတင့်တယ်ချေ။
  • မြင်းသည် မြည်းတို့ ၏အလယ်၌ မတင့်တယ်ချေ။ သူမိုက်တို့ ၏အလယ်၌ ပညာရှိသည်မတင့်တယ်ချေ။
  • လူမိုက်သည် အသက်ထက်ဆုံးလည်း ပညာရှိကို အကယ်၍ဆည်းကပ်ငြားသော်လည်း ထိုလူမိုက်သည် တရားကိုမသိချေ။ အဘယ်ကဲ့သို့ နည်းဟူမူကား ယောက်မသည် ဟင်း၏အရသာကို မသိသကဲ့သို့ တည်း။
  • ဥစ္စာမရှိပဲ ကာမဂုဏ်လိုလားလွန်းသူ၊ ခွန်အားမရှိပဲ အသတ်အပုတ်ကြိုက်သူ၊ ပညာမရှိပဲ စကားလိုလားသူ။
  • ဤသူတို့ ကားလူမိုက်များနှင့်တူကုန်၏။
  • နိုးနေသူ၏ ညဥ့်သည်ရှည်လျှားလှ၏။ သူတော်ကောင်းတရားကိုမသိကြသောလူမိုက်တို့ ၏သံသရာသညလည်းရှည်လျှား၏။
  • လူမိုက်တို့ မည်သည် သူတပါးတို့ ၏ နှမ်းစေ့ခန့် မျှသော အနည်းငယ်အပြစ်ကိုမြင်၏။ အုန်းသီးခန့် ကြီးသောကိုယ့်အပြစ်ကိုကိုယ်မမြင်တတ်ပေ။
  • သူမခေါ်ပဲလျှက် သူများအိမ်သို့ သွားဖန်များသောသူ။ သူမမေးပဲ များစွာပြောဟောတတ်သောသူ။ မိမိဂုဏ်ကျေးဇူးကိုပလွှားတတ်သောသူ (၀ါ) ကိုယ်ရည်သွေးတတ်သောသူ၊ ဤသုံးပါးသည် လူမိုက်၏လက္ခာဏာတည်း။
  • ပိတုန်းသည်ပန်းကိုအလိုရှိကုန်၏။ သူတော်ကောင်းတို့ သည် ဂုဏ်ကျေးဇူးကိုအလိုရှိကုန်၏။ ယင်ကောင်တို့ 
  • သည်အပုပ်ကိုအလိုရှိကုန်၏။ လူမိုက်တို့ သည် အမျက်ဒေါသကို အလိုရှိကုန်၏။

သုတေသီ ဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနောမှ ကောက်နှုတ်ဖေါ်ပြသည် )

Saturday, February 20, 2010

လူမိုက်၏သဘော ( ၁ )


* လူမိုက်ဆိုသည်မှာ သူတပါးအားဆဲဆိုထိပါး ကျူးကျော် စော်ကားမှသာ လူမိုက်မဟုတ်။ အသိအလိမ္မာမရှိသူကို လူမိုက်ဟုခေါ်သည်။
* ကိုယ့်ဂုဏ်သိက္ခာမညှိုးနွမ်းစေလိုလျှင် အရည်အချင်းရှိသူလူကောင်းများနှင့်သာအပေါင်းသင်းပြုသင့်သည်၊
လူမိုက်နှင့်ပေါင်းခြင်းထက်တစ်ဦးထဲနေခြင်းကပိုကောင်း၏။

* စိတ်နေသဘောထား ယုတ်ညံ့စဉ်းလဲသူလောက်ကြောက်ရွံ့ စက်ဆုပ်စရာကောင်းသောအန္တရယ်မည်သည်မရှိ၊
* လူမိုက်ဟူသည် မီးတူစင်စင် ပျက်ကြောင်းဖြစ်ရာ၏။ သူမိုက်လေ့လာ၊ မလိုက်နာနှင့်သူမိုက်သွင်ကို မမြင်ရထိုက်၊ သူမိုက်စကား၊ မကြားစေလို ၊ လူမိုက်ကိုယ်နှင့် ထိုထိုတကွမပေါင်းရလျှင်။
(မဃဒေ၀ )
ဖြစ်မည့်အရာမဟုတ်လျှင် ဘယ်တော့မှဖြစ်လိမ့မည်မဟုတ်။
ဖြစ်မည့်အရာဟုတ်လျှင်မုချဖြစ်လိမ့်မည်သာတည်း။
ယင်းစကားသည် အလုပ်ကိစ္စကိုဆောင်ရွက်နိုင်စွမ်းမရှိသောလူပျင်း၏စကားဖြစ်၏
ပညာမဲ့သူသည် ချွတ်ချော်မှားယွင်းသောအခါ၌ကံကြမ္မာကို ယိုးမယ်ဖွဲ့ ပြီးပြစ်တင်ရှုတ်ချတတ်လေသည်။
မိမိအလုပ်၏ ချွတ်ယွင်းချက်ကိုမူမမြင်ပေ။
ပြည့်စုံကြွယ်ဝခြင်းဆုံးပါးပျက်စီးခြင်း၏အခြေခံအကြောင်းရင်းကားကံကြမ္မသာလျှင်တည်းဟုကြံစည်စဉ်းစား
ကံကိုသာလျှင်ကိုးစားသူသည်မိမိအကျိုးစီးပွားအတွက်ပင်ကြိုးစားပမ်းစားအားမထုတ်ပေ။

သုတေသီဘုန်းမြင့်သွေး၏ ( လူမိုက်၏သဘော လူလိမ္မာ၏မနော မှကောက်နှုတ်ဖေါ်ပြသည် )