Sunday, September 29, 2013

*~~~ကိုယ်နဲ့ ယုန်ကလေးတွေအကြောင်း~~~*

ကလေးဘ၀တုန်းက ဖတ်စာအုပ်ထဲမှာ
ကဗျာလေးတပုဒ်ဖတ်ဖူးပါတယ်...
 ယုန်ကလေးတကောင်အကြောင်းဖွဲ့ ဆိုထားတဲ့ကဗျာလေးပါ...။
ကဗျာလေးကဒီလိုလေ...

"ယုန်ကလေးတကောင်
တောင်ကုန်းနားမှာ
ခုန်၍ပြေးနေသည်
မယုံလျှင်သွားကြည့်ပါ
မကြုံစဖူးလှသည်တဲ့...။"

ငယ်ငယ်တုန်းကအဲဒီကဗျာလေးဖတ်ပြီးတော့
ယုန်ကလေးတွေကိုအရမ်းတွေ့ ဖူးချင်ခဲ့တယ်...။

******

ဆည်းဆာချိန်မိုးကောင်းကင်တခုလုံးအရောင်မျိုးစုံနဲ့ 
သဘာဝရဲ့ပန်းချီကားချပ်ပမာလှပတဲ့နွေညနေခင်းလေးတခုမှာပေါ့...
ကိုယ်တယောက်အိမ်နောက်ဖက်က မြက်ခင်းပြင်ပေါ်မှာ
ဘော်လုံးလေးတလုံးကို အပေါ်မြှောက်ပြစ်လိုက် ပြီးတော့အဲဒီဘော်လုံးလေးကို
ပြန်ဖမ်းလိုက်နဲ့ လုပ်နေတုန်း ကိုယ်ပြန်ဖမ်းတဲ့ဘော်လုံးလေးကိုမမိပဲအရှိန်လွန်ပြီး
ဘော်လုံးကလေးက ကိုယ်စိုက်ထားတဲ့ ဇီရာချုံထဲကိုကျသွားတော့တယ်...
ကိုယ်လည်းချုံကိုဖယ်ပြီးလိုက်ရှာတော့ ဘော်လုံးလေးကိုတွေ့ ပြီဆိုပြီး
ကောက်မယ်လုပ်တဲ့ကိုယ့်လက်ကို အလန့် တကြားနဲ့ ပြန်ရုတ်လိုက်မိတယ်...
ကိုယ်တွေ့ လိုက်တာ ဘော်လုံးတခုထဲမဟုတ် 
ဘာသတ္တ၀ါလေးတွေလည်းမသိချုံထဲမှာတစုတရုံးနဲ့ လေ...။ 
ရုတ်တရက်တွေ့ လိုက်တဲ့သတ္တ၀ါလေးတွေကို လန့် သွားပေမယ့် 
စိတ်ထဲမှာ ဘာသတ္တ၀ါလေးတွေပါလိမ့်လို့ သိချင်နေမိပြန်ရော...
ဒါနဲ့ ချုံထဲကိုမလန့် တလန့် နဲ့ သေချာပြန်ကြည့်တော့ 
"ဟာ...ယုန်ကလေးတွေ"  
ကိုယ်အရမ်းအံ့သြသွားမိတယ်...
ပြီးတော့ကိုယ်စိုက်ထားတဲ့ဇီရာချုံလေးက ယုန်ကလေးတွေနေဖို့ 
အိမ်ဂေဟာလေးဖြစ်နေတာကိုလည်းအရမ်းပဲဝမ်းသာသွားမိပြန်တယ်...။
ဒီလိုနဲ့ ......
ကိုယ်တယောက်ယုန်ကလေးတွေကို ခနခဏချုံထဲမှာသွားကြည့်ရတဲ့အလုပ်
သူတို့ စားမယ်ထင်တဲ့မုံလာဥအ၀ါလေးတွေကြွေးရတဲ့အလုပ်
 မိုးတွေရွာရင်လည်းသူတို့ လေးတွေမိုးမစိုအောင်
ချုံပေါ်မှာထီးတချောင်းနဲ့ ချုံကိုထီးအရိုးနဲ့ တွဲချည်ပြီးအုပ်မိုးပေးရတာလဲတဖုံ...
အလုပ်တွေကစုံလို့ ......။
သြော်...ငယ်ငယ်တုန်းကယုန်လေးတွေကိုတွေ့ ဖူးချင်ခဲ့တယ်မဟုတ်လား...
အခုတော့တွေ့ ပြီလေ နှဖူးတွေ့ ဒူးတွေ့ လို့ ကိုယ့်ဟာကိုယ်တွေးမိသေးတော့တယ်...။

  ဇီရာချုံ


 ချုံထဲမှာမုန်လာဥအ၀ါလေးတွေကြွေးထားတာပါ...

 ****** 

ဒီလိုနဲ့ ရက်တွေအတော်ကြာလာတယ်...
ယုန်လေးတွေလည်းတဖြေးဖြေးအရွယ်ရောက်လာတော့တယ်...။
ကိုယ်လည်းအလုပ်တွေများနေတာနဲ့ သုံးရက်လောက်
ကိုယ်စိုက်ထားတဲ့အပင်တွေကိုရေမလောင်းဖြစ်ဘူး...။
ဒီနေ့ တော့ရေလောင်းမယ်ဆိုပြီးအိမ်နောက်ဖက်ထွက်လာတော့
အိုး ......ကိုယ်ရေလောင်းစရာမလိုတော့...
ဟိုမှာကိုယ်စိုက်ထားတဲ့အပင်လေးတွေတပင်မှမရှိတော့ဘူးလေ...

"တားတားတို့ ...မီးမီးတို့ ဗိုက်ချာလို့ စားလိုက်တာကုန်တွားဘီတဲ့"

ချုံထဲကနေကိုယ့်ကျေးဇူးရှင်ကလေးတွေစကားပြောသံကြားလိုက်သလိုပဲ...   :)
                  


ယုန်လေးတွေအားလုံး
အသက်ထက်ဆုံးပျော်ရွှင်ချမ်းမြေ့စွာ
ခုန်ပေါက်ပြေးလွှားကစားနိုင်ကြပါစေ...

*
*
*

Wednesday, September 25, 2013

*~~~ဘ၀ပေးအသိ~~~*



နှပ်ချေးတွဲလောင်း
ပေစောင်းစောင်းနဲ့ 
တုတ်ချောင်းထိပ်သံချွန်တပ်
ပလပ်စတစ်ကောက်တဲ့ကောင်လေး
ခြံဝင်းထဲပြေးအ၀င်
ဟဲ့...သူခိုးလေး
ဒွန်းစဏ္ဍားမျိုးလေး
ခုထွက်သွားစမ်းတဲ့
သူဋ္ဌေးမရဲ့ကြိမ်းမောင်းသံကြောင့်
အိတ်အစုတ်နဲ့ 
ထိပ်ခေါက်ခံရတဲ့ချာတိတ်
သွေးတိုးသံတဒိတ်ဒိတ်
ထိပ်ထိပ်ပျာပျာ
သနားစရာ
ဒါ ယဉ်ကျေးမူ့ ခေတ်ဦးထဲက
အယူလမ်းမှားတဲ့
လူတန်းစားပဋိပက္ခ
အယဉ်ကျေးဆုံးခေတ်အထိရှိနေသေးပ...

ကာလ
မကြာလှပါဘူး
လပိုင်းရက်စွန်း
ဘ၀နေစွန်း ကွယ်ပချိန်
သွေးတိုးနဲ့ မိတ်ဖက်
(သူဋ္ဌေးမခမျာ)
ထာဝရအိပ်စက်ဖို့ 
လိုက်ပို့ သူ ငါးရာလောက်နဲ့ 
ကြံတောကိုရောက်လာပေါ့...

လမ်းဘေးကကောင်လေး
ချွေးစက်စိုရွှန်းရွှန်း
ချေးညှော်စေးထန်းထန်းနဲ့ 
အသုဘယာဉ်တန်းကိုငေးအကြည့်
ပန်းခွေအလယ်ကဓါတ်ပုံကိုမှတ်မိနေပေါ့
 ဒွန်းစဏ္ဍားမျိုးလေး
သူခိုးလေးတဲ့
အတွေးထဲမှာမမေ့ပျောက်
ဒါဘ၀ရဲ့မှတ်ကျောက်သဖွယ်
အသဲထဲမှာကဗျည်းခြယ်
လွယ်အိတ်စုတ်လေးလွယ်ကာ
ခမျာ ကျောင်းချိန်အမှီပြေးရှာပေါ့......။

(လွန်ခဲ့တဲ့နှစ်ပေါင်းတော်တော်ကြာကကိုယ်နှစ်သက်လို့ 
တနေရာကနေ စာအုပ်ထဲ ကူးရေးပြီးသိမ်းထားခဲ့တဲ့ တပိုင်းတစကဗျာလေးပါ...
ကဗျာဆရာအမည်ကိုတော့ မသိပါဘူး...)

အခုကိုယ်ကြည့်ရတဲ့ တကယ့်အဖြစ်အပျက်လေးတခုကို
အခြေခံပြီးရိုက်ထားတဲ့ထိုင်းနိုင်ငံက Commercial လေးတခုကိုတွေ့ လို့ 
 ကိုယ်ကူးရေးခဲ့ဖူးတဲ့ အဲဒီကဗျာလေးကိုမျှဝေလိုက်ပါတယ်...။ 





 

ကုသိုလ်ကံအကျိုးပေးအားနဲခဲ့လို့ ဆင်းရဲတဲ့ဘ၀မှာ
လူဖြစ်ရတဲ့ကလေးတွေအားလုံးရဲ့အနာဂတ်တွေ
ဟိုးအဝေးမိုးကောင်းကင်ပေါ်မှာ
လောကကြီးကိုအလင်းပေးတဲ့ကြယ်ကလေးတွေလို
ဘ၀လေးတွေငြိမ်းချမ်းလှပ၍လင်းလက်တောက်ပကြပါစေ...
*
*
 


Saturday, September 14, 2013

*~~~ကိုယ်နဲ့ နွေရက်များအကြောင်း(၂)~~~*

နွေရာသီမှာလျှောက်လည်ရင်းရောက်ဖြစ်ခဲ့တဲ့နေရာတခုကတော့ Japanese Garden ပါ...။
ဂျပန်လူမျိုးတွေရဲ့ထူးခြားဆန်းကြယ်တဲ့အတတ်ပညာလည်းဖြစ် အနုပညာလည်းဖြစ်တဲ့
 Bonsai Tree တွေအကြောင်းကစိတ်ဝင်စားစရာကောင်းပါတယ်...။
Bonsai ( ဘွန်ဇိုင်း ) ရဲ့အဓိပ္ပါယ်က 
"Tree in a Pot" ( အိုးထဲကသစ်ပင် ) လို့ အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။
ဒီအတတ်ပညာဟာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်နဲ့ ချီကတည်းက
တရုတ်လူမျိုးတွေနဲ့ ဂျပန်လူမျိုးတွေမှာရှိခဲ့တယ်လို့ ဆိုပါတယ်...။

******

 နှစ်ပေါင်း ၁၅၀၀ သက်တမ်းရှိတဲ့ Bonsai Tree လေးတပင်ကို
ကမ္ဘာကျော်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ နိုင်ငံဖြစ်တဲ့
တိဗက်နိုင်ငံမှာရှာဖွေတွေ့ ရှိခဲ့ကြပါတယ်...။ 
သူတို့ မမျှော်လင့်ပဲရှာဖွေတွေ့ ရှိခဲ့တဲ့ Bonsai Tree လေးရဲ့အကြောင်းက ပုံပြင်ဆန်ပြီးစိတ်ဝင်စားစရာကောင်းပါတယ်...။ 
သစ်ပင်လေးရဲ့ဇတ်လမ်းကဒီလိုပါ...
တနေ့ မှာ ချီကာဂို ယူနီဗာစတီ က ရှေးဟောင်းသုတေသနပညာရှင်တွေဟာ
တိဗက်အစိုးရကတာဝန်ရှိသူတွေနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ လောက်မှာ
ငလျှင်ဒဏ်ကြောင့်ပြိုကျပျက်စီးသွားခဲ့တဲ့ဘုန်းတော်ကြီးကျောင်းတွေကို
သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီဘုန်းတော်ကြီးကျောင်းတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း
၃၀၀၀ လောက်က တည်ဆောက်ခဲ့တဲ့အဆောက်အဦးတွေလို့ ဆိုပါတယ်။
သူတို့ တွေဟာပြိုကျပျက်စီးသွားတဲ့အဆောက်အဦးတွေကြားထဲလှည့်လည်ကြည့်ရူ့ နေကြရင်းနဲ့ 
အဲဒီအဆောက်အဦးတွေကြားထဲမှာ မပျက်စီးပဲကျန်နေခဲ့တဲ့ အခန်းတခုကို
မမျှော်လင့်ပဲတွေ့ ရှိခဲ့ကြပါတယ်...။ အခန်းရဲ့အလည်တည့်တည့်စားပွဲပေါ်မှာတော့
သူတို့ ရောက်လာမယ့်အချိန်ကိုအထီးကျန်စွာစောင့်ဆိုင်းနေခဲ့တဲ့
နှစ်ပေါင်း ၁၅၀၀ သက်တမ်းရှိပြီဖြစ်တဲ့ Bonsai သစ်ပင်လေးကို
အသက်ရှင်လျှက်တွေ့ ရှိခဲ့ကြပါတယ်။
အဲဒီသစ်ပင်လေးဟာ သူ့ ကိုရေလောင်းမယ့်သူမရှိ စောင့်ရှောက်မယ့်သူမရှိပဲ
အဲဒီအခန်းထဲမှာအထီးတည်း ရပ်တည်ရှင်သန်နေခဲ့တာနှစ်ပေါင်းထောင်ချီခဲ့ပြီပေါ့...။
သူတို့ ဟာလူသူကင်းမဲ့တဲ့ဒီနေရာမှာဒီသစ်ပင်ကလေးဒီလောက်နှစ်ပေါင်းကြာကြာ
ဘယ်လိုများအသက်ရှင်နေခဲ့တာလည်းလို့ လေ့လာကြည့်တဲ့အခါမှာ 
အဲဒီအခန်းထဲကို တနေ့ ၂နာရီလောက်နေရောင်ခြည်ကျရောက်တာရယ် 
အဲဒီသစ်ပင်လေးတ၀ိုက်မှာပိုးကောင်လေးတွေရဲ့ခန္ဓာအကြွင်းအကျန်နဲ့ 
လင်းနို့ တွေရဲ့အညစ်ကြေးအကြွင်းကျန်တွေရှိနေတာရယ်
ဒီသစ်ပင်လေးပေါ်ကိုတနေ့ ရေစက်အနဲငယ်ကျရောက်နေခဲ့တာရယ်ကြောင့်
သူ့ အတွက်အာဟာရဖြစ်ပြီးဒီလောက်ကြာကြာအသက်ရှင်နေခဲ့တယ်လို့ ဆိုပါတယ်...။

******
သြော်...သစ်ပင်ကလေးတပင်သည်လည်းလောကဓံတရားကို သူ့ အစွမ်းရှိသလောက်
ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သည်ပဲလေ......။ ကိုယ်တို့ လူသားတွေကရော?......။



*
*
*



Thursday, September 12, 2013

*~~~ကိုယ်နဲ့ နွေရက်များအကြောင်း(၁)~~~*

မိုးလင်းတိုင်း နေရောင်ခြည်နုနုလေးတွေဖြာကျနေတဲ့
နွေရာသီရဲ့မနက်ခင်းလေးတွေက လန်းဆန်းလှပနေလေ့ရှိတယ်...။ 
ငှက်ကလေးတွေက အသံမျိုးစုံလေးတွေနဲ့ တေးသီနေတဲ့အချိန် 
ကိုယ့်ရဲ့ပန်းခြံလေးထဲက ပန်းကလေးတွေက နံနက်ခင်းရဲ့နေရောင်ခြည်အောက်မှာ
 ပျော်ရွှင်စွာယိမ်းနွဲ့ ဆော့ကစားတဲ့အချိန်တွေဟာ
ကိုယ့်အတွက်တော့ စိတ်ချမ်းမြေ့စရာကောင်းတဲ့ နွေရဲ့နေ့ ရက်တွေပါပဲ...။
နွေရာသီ အားလပ်ရက်တွေမှာ စိတ်လက်ပေါ့ပါးစွာနဲ့ ကိုယ်စုဆောင်းထားတဲ့
စာအုပ်တွေနဲ့ တိတ်ဆိတ်စွာစာဖတ်ရင်း...ကိုယ်လျှောက်လည်ချင်တဲ့
နေရာတွေကိုလျှောက်လည်ရင်းနဲ့ ငြိမ်းချမ်းတဲ့နွေရာသီလေးကုန်ဆုံးခဲ့ပါတယ်...။
ရာသီစက်ဝန်းတွေ လည်ပတ်နေတဲ့သံသရာထဲမှာ
 အရာရာဟာ အစဉ်သဖြင့်ပြောင်းလဲနေပေမယ့် 
မပြောင်းလဲနိုင်တဲ့အရာတွေကတော့ 
သဘာဝတရားနဲ့ အတူ နွေမှာပွင့်တဲ့ပန်းကလေးတွေနဲ့ 
 နွေကိုမြတ်နိုးတတ်တဲ့ကိုယ့်ရဲ့စိတ်နှလုံးသားပါပဲ...။

*~~ပန်းတို့ သတ္တိ~~*
 ဖူး
ငုံ
ပွင့်
ကြွေ 
ဤလေးထွေဖြင့်
သင်္ခါရတွင်
ရှိပင်သော်လည်း
ပန်းတို့ သတ္တိ
ရှိသည်ဖြစ်၍
ဤလောကတခွင်
အလှဆင်ခဲ့...။



ကိုယ့်ပန်းခြံလေးထဲမှာဖူးပွင့်တဲ့ ကိုယ်ချစ်သောနွေပန်းကလေးများဖြင့်ဖန်တီးသည်...။

*
*
*