Sunday, March 24, 2013

*~~~ကိုယ်နဲ့ ခရီးသွားခြင်းအကြောင်း(၃)~~~*

နောက်ရက်မှာတော့ ကိုယ်တို့ ရောက်နေတဲ့ နာရိတာမြို့ ကလေးကနေ
တိုကျိုကို ရထားနဲ့ အလည်ရောက်ခဲ့ပါတယ်...။
မြေအောက်ထဲက ရထားဘူတာကိုလေဆိပ်နဲ့ တွဲထားတာပါ...။
ရထားလက်မှတ်ကိုတော့အပေါ်ထပ်က ကောင်တာမှာပဲဝယ်လို့ ရပါတယ်...။
နာရိတာကနေ တိုကျိုကိုတစ်နာရီလောက်ပဲကြာပါတယ်...ရထားခကတော့
အသွားအပြန်လူတဦးကိုဒေါ်လာ ၁၀၀ နီးပါးလောက်ကျပါတယ်။
 ဂျပန်ကိုအလည်သွားတဲ့အခါမှာသူတို့ နိုင်ငံရဲ့ Holiday ရက်တွေမတိုင်ခင်နဲ့ 
ချယ်ရီပန်းတွေနေရာတိုင်းမပွင့်ခင်အလည်သွားတာပိုကောင်းတယ်လို့ 
ခရီးသွားအတွေ့ ကြုံရှိတဲ့သူတွေကပြောကြပါတယ်...။
အကယ်၍ March လ ၃၁ ရက်မှာဂျပန်ကနေလေယာဉ်လက်မှတ်ဝယ်ပြီး
အမေရိကန်ကိုပြန်မယ့်သူဟာ လေယာဉ်ခ ဒေါ်လာ ၈၀၀ လောက်ပဲကျပေမယ့်
Holiday စတင်မယ့် April လ ၁ ရက်နေ့ မှဝယ်ပြီးပြန်မယ်ဆိုရင်တော့
လေယာဉ်ခ ဒေါ်လာ၂၀၀၀ ကျော်လောက်ပေးရတယ်လို့ ဆိုပါတယ်...။
တစ်ရက်လေးနောက်ကျသွားတာနဲ့ လေယာဉ်ခနောက်ထပ် တစ်ဆကျော်တက်သွားတာပါ...။
 ဟိုတယ်ခန်းတွေလည်းနေရာလပ်မရှိအောင်
လူတွေပြည့်နေတယ်လို့ ဆိုပါတယ်...။
(ဗဟုသုတအဖြစ်ရေးလိုက်ခြင်းပါ...။)

ကိုယ်တို့ စီးရမယ့်ရထားတွဲနံပါတ် 9...
တိုကျိုမြို့ ကိုရောက်လာတဲ့အချိန်...
တိုကျိုမနက်ခင်းမှာတွေ့ ရတဲ့ကျောင်းသားလေးတစု...
တိုကျိုက Taxi...

***

ညနေပိုင်းမှာတော့လေဆိပ်ကိုပြန်ရောက်လာပါတယ်...။
 ဂျပန်ANA ( All Nippon Airways ) နဲ့ Bangkok ကိုထွက်ခွါခဲ့ပါတယ်...။

ဂျပန်လေဆိပ်မှာတွေ့ ရတဲ့ကိုယ်တို့ စီးရမယ့်လေယာဉ်...

လေယာဉ်ထဲမှာ...


လေယာဉ်ထွက်ခါနီးမှာမိုးတွေတဖွဲဖွဲရွာလာပါတယ်...။
ကိုယ်သွားတော့မယ်ဆိုလို့ ဂျပန်မိုးက၀မ်းနည်းစွာနဲ့ 
ရွာနေခဲ့တာများလားမသိ... :(
လေယာဉ်ပြူတင်းပေါက်မှာမိုးစက်လေးတွေအမှတ်တရဓါတ်ပုံရိုက်ဖြစ်ခဲ့တယ်။

******
မကြာခင်မှာလေယာဉ်ဟာ ကမ္ဘာ့အပြင်ဖက်လေဟာနယ်
အမြင့်ပေ ၃၅၀၀၀ ကိုရောက်လာတယ်ဆိုရင်ပဲ
တိမ်ဖြူဖြူလေးတွေနဲ့ လှပနေတဲ့မိုးကောင်းကင်ပြာပြာကိုတွေ့ လိုက်ရပါတယ်...။

သိပ်လှတဲ့မိုးကောင်းကင်ထက်မှာကိုယ်တို့ လိုက်ပါခဲ့တဲ့လေယာဉ်ကြီးက
ငှက်တကောင်အလား တောင်ပံဖြန့် လို့ လွတ်လပ်ပေါ့ပါးစွာပျံသန်းနေတော့တယ်...။

*
*
*
ဆက်ရန်...

Thursday, March 14, 2013

*~~~ကိုယ်နဲ့ ခရီးသွားခြင်းအကြောင်း(၂)~~~*

ကိုယ်တို့ တည်းခိုမယ့် Nikko (နစ်ကို) ဆိုတဲ့ Hotel ကိုရောက်လာပါတယ်။
Hotel နာမည်လေးကချစ်စရာကောင်းသလို အခန်းတွေကလည်း ဂျပန် Style 
ရိုးရိုးရှင်းရှင်းနဲ့ သပ်ရပ်နေတာပါပဲ...ကိုယ့်စိတ်တိုင်းကျပဲဆိုပါတော့...။


အချိန်ကိုသိပ်တန်ဘိုးထားတဲ့လူမျိုးတွေဆိုတော့
အိပ်ယာခေါင်းရင်းမှာ Alarm Clock ကိုစနစ်တကျတပ်ဆင်ထားပါတယ်။



ကော်ဖီဖျော်သောက်ချင်ရင်သောက်ဖို့ အတွက်
ကော်ဖီဖျော်စက်တခုနဲ့ ကော်ဖီခွက်တွေလည်းအဆင့်သင့်
ထည့်ထားပေးလေရဲ့...။ ချစ်ကောင်းသီချင်းကိုသတိရမိပါသေးတယ်
ကော်ဖီဆိုရင်ခါးခါးပဲသောက်မိတယ်တဲ့...
ရင်ခုန်သံတွေဘ၀မှာမချိုလို့ ဆိုလား...... :)
ကိုယ်ကတော့ကော်ဖီမကြိုက်တတ်တဲ့သူမို့ မသောက်ဖြစ်ပါဘူး...။

******


မနက်ကိုးနာရီလောက်မှာအခန်းတခါးခေါက်သံကြားလို့ ဖွင့်ကြည့်လိုက်တော့
ဂျပန်လူမျိုးမဟုတ်ပဲ အာဖရိကလူမဲအမျိုးသမီးတယောက်ကို
ဟိုတယ်အလုပ်သမားဝတ်စုံနဲ့ တွေ့ လိုက်ပါတယ်...
သူကအခန်းကိုသန့် ရှင်းရေးလုပ်တဲ့အမျိုးသမီးပါတဲ့ ဂျပန်လိုကိုယ့်ကိုပြောတာပါ...
တကယ့်ဂျပန်အတိုင်းပါပဲ...သူ့ လှည်းပေါ်မှာတော့အခန်းထဲမှာလိုအပ်တဲ့
ပစ္စည်းအစုံအလင်အသစ်ပြန်ထည့်ဖို့ သယ်လာတာတွေ့ ပါတယ်...။
အခန်းထဲရောက်လာပြီးသန့် ရှင်းရေးလုပ်တော့ ကိုယ်လည်းအားနာတာနဲ့ 
ရပါတယ်...ဘာမှမလုပ်ပါနဲ့ အခန်းကရှင်းနေပြီးသားပါပဲလို့ ဆိုတော့ 
အိပ်ယာခင်းလေးတော့အသစ်ပြန်ခင်းသွားပါရစေတဲ့
ပြောပြီးအိပ်ယာတွေအသစ်ပြန်ထဲ့ပါတယ်...
သူအလုပ်လုပ်တာမြန်ဆန်ဖျတ်လတ်ပြီးကျွမ်းကျင်ပုံရပါတယ်။
ဒါနဲ့ သူ့ ကိုမေးကြည့်တယ်ဒီမှာရောက်နေတာကြာပြီလားဆိုတော့
ကြာပြီလို့ ဆိုပါတယ်။ သူအင်္ဂလိပ်လိုနဲနဲပြောတတ်တော့ပြောရတာအဆင်ပြေသွားတယ်။
ဘယ်နိုင်ငံကလဲလို့ မေးကြည့်တော့ Rwanda (ရ၀န်ဒါ) ကတဲ့...
သြော်... Rwandan Genocide ထဲမှာသိပ်ကံကောင်းစွာနဲ့ ပါမသွားခဲ့တဲ့သူပါလားလို့ 
ကိုယ့်စိတ်ထဲမှတ်ချက်ချမိရင်းသူအိပ်ယာတွေလဲပြီးနောက် သူ့ ကို ဒေါ်လာနဲ့ ပဲ Tip ပေးတော့
သူကတအံ့တသြနဲ့  ဂျပန်လိုခါးကိုညွှတ်ပြီး သိပ်ကျေးဇူးတင်ပါတယ်လို့ အင်္ဂလိပ်လို
ပြောပြီးနှုတ်ဆက်သွားပါတယ်...။
ကံကောင်းပါစေ...Rwanda လိုရပ်ပြစ်ရှစ်းပါးကိုဘယ်တော့မှပြန်မရောက်ပါစေနဲ့ လို့ ...
******
ဆက်ရန်...

Saturday, March 9, 2013

*~~~ကိုယ်နဲ့ ခရီးသွားခြင်းအကြောင်း(၁)~~~*


ကိုယ်နေတဲ့မြို့ မှာ နှင်းတွေတဖွဲဖွဲကျပြီးအေးလွန်းလှတဲ့ ဖေဖေါ်ဝါရီလမှာပဲ
ကမ္ဘာကြီးရဲ့အရှေ့ဖက်ခြမ်းက အပူချိန် ဒီဂရီ ၉၀ နီးပါး ရှိတဲ့ Bangkok မြို့ ကိုခရီးထွက်ဖြစ်ခဲ့ပါတယ်။
အလွန်အေးတဲ့နေရာကနေ အလွန်ပူတဲ့နေရာကိုသွားမှာဆိုတော့ ဟိုရောက်ရင်နေမကောင်းများဖြစ်လေမလားလို့ စိတ်ထဲမှာစိုးရိမ်မိပါသေးတယ်...
ဒါပေမယ့်လည်း  ခန္ခာကိုယ်က နေမကောင်းဖြစ်ဖို့ 
မေ့သွားတယ်နဲ့ တူတယ်... မနားတမ်းပဲ တသွားထဲသွားနေလိုက်တဲ့ခရီးက
 နောက်ဆုံးအိမ်ပြန်ရောက်တဲ့အထိ နေမကောင်းမဖြစ်ပဲ ကိုယ်တယောက်ဒေါင်ဒေါင်ကိုမြည်လို့ လေ...
ခန္ခာဆိုတဲ့အရာကလည်း သူ့ အလိုအတိုင်း ကောင်းနေတော့လည်း ဟုတ်နေတာပါပဲ...။ 
ခရီးမသွားခင် ပထမလမှာ နေမကောင်းဖြစ်လို့ ကိုယ်ဆေးရုံပေါ်ရောက်လိုက်ပါသေးတယ်...။
သြော်...ခန္ခာဆိုတာသူ့ အလိုအတိုင်းသာဖေါက်ပြန်ခြင်းသဘောရှိနေပါရောလား...
ထားတော့...
ခန္ခာအကြောင်းပြောနေရင်ခရီးသွားတဲ့အကြောင်းရောက်မှာမဟုတ်...
ဒီတော့
ကိုယ်ခရီးသွားတုန်းကရိုက်ထားတဲ့ဓါတ်ပုံလေးတွေကို
ဓမ္မမိတ်ဆွေအပေါင်းတို့ အားမျှဝေလိုက်ပါရစေ...

ဒီပုံကတော့ခရီးမသွားခင်မနက်စောစောအိမ်ပြူတင်းပေါက်ကနေရိုက်ထားတဲ့ပုံပါ။
တကယ့်ကို နှင်းဝေတဲ့ဆောင်းပါ...

******
ပထမဦးဆုံး ခရီးစဉ်မှာ Transit လုပ်တဲ့ဂျပန်နိုင်ငံ နာရိတာ(Narita)
ဆိုတဲ့မြို့ ကလေးကိုဆိုက်ရောက်ခဲ့ပါတယ်...။

လေဆိပ်ထဲရောက်ရောက်ခြင်းတွေ့ ရတာကတော့ဂျပန်အချို့ 
SARS (Severe Acute Respiratory Syndrome) ဆိုတဲ့ရောဂါကိုကြောက်လို့ မျက်နှာကိုအခုလိုအုပ်ထားကြတာပါ...
SARS ရောဂါက 2003 ခုနှစ်ကအာရှတိုက်နဲ့ အနောက်နိုင်ငံတွေမှာဖြစ်ပွားခဲ့တဲ့
ကူးစက်ရောဂါတခုပါ...နောက်ပိုင်းမှာအဲဒီရောဂါမရှိသလောက်ဖြစ်သွားပေမယ့်
အချို့ လူတွေကတော့ ယခုထိတိုင်ကြောက်နေဆဲပါပဲ...။

  လေဆိပ်ထဲကငွေလဲတဲ့နေရာပါ...


 ငွေလဲပြီးနောက်မုန့် ဝယ်စားပါတယ်...

 မုန့် စားပြီးနောက်လေဆိပ်ထဲမှာ Hotel ကလာကြိုမယ့်ကားကို
စောင့်ရင်းTV ကြည့်ပါတယ်...

ဂျပန်TV မှာတွေ့ ရတဲ့အိုဘားမား

 ချယ်ရီပန်းလေးတွေနဲ့ သူတို့ နိုင်ငံရာသီဥတုအကြောင်း...

ထို့ နောက်...Hotel ကလာကြိုတဲ့ကားနဲ့ ကိုယ်တို့ တည်းခိုမယ့်နေရာသို့ သွားပါတယ်...။

ဆက်ရန်...