Monday, December 31, 2012

*~~~ Happy New Year! ~~~*


၂၀၁၂ ဆိုတဲ့နှစ်တခုကတော့ဟောင်းနွမ်းကုန်ဆုံးလို့ သွားခဲ့ပြန်ပါပြီ..။
နှစ်ထောင့်ဆယ့်နှစ်မှာကမ္ဘာကြီးပျက်တော့မယ်လို့ ပြောနေကြတဲ့သူတွေလည်း
နှစ်ဟောင်းနဲ့ အတူကျန်ခဲ့ကြပြီလို့ ထင်ပါတယ်...။
သို့ သော်လည်း တတိယကမ္ဘာစစ်ကြီးဖြစ်မယ် နူကလီးယား စစ်ပွဲကြီးတွေ ဖြစ်မယ်လို့ ကြိုတင်မှန်းဆနေကြတဲ့သူတွေကတော့ရှိနေကြပါတယ်...။
ယနေ့ ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ နိုင်ငံငယ်တွေမှာရှိနေကြတဲ့နူကလီးယားဗုံးတွေဟာဆိုရင်
ဒီကမ္ဘာကြီးကိုအနန္တစင်္ကြာဝဋ္ဌာထဲကနေပျောက်ကွယ်သွားနိုင်လောက်အောင်
လုပ်နိုင်စွမ်းရှိတယ်လို့ သိပ္ပံပညာရှင်တွေကခန့် မှန်းပြောဆိုကြပါတယ်...။
ဒါပေမယ့်လည်း ဘယ်သိပ္ပံပညာရှင်တွေက ဘာတွေပဲပြောပြော 
ကိုယ်တို့ ရဲ့ဘဒ္ဒကမ္ဘာကြီးကတော့နောင်ပွင့်တော်မူမယ့် အရိမေတ္တယျမြတ်စွာဘုရားရှင်နဲ့ 
ဘုရားရှင်ကိုဖူးမြှော်ကြမယ့် ဗြဟ္မစိုရ်တရားနဲ့ ဖြူစင်တဲ့နှလုံးသားကိုပိုင်ဆိုင်ကြတဲ့
သူတော်ကောင်းတွေကိုစောင့်မျှော်ရင်းနဲ့ ဆက်လက်တည်ရှိနေဦးမှာပါ...။
*
*
*
အားလုံးပဲ ၂၀၁၃ မှသည်... အရိမေတ္တယျမြတ်စွာဘုရားရှင်တိုင်အောင်
ဗြမဟ္မစိုရ်တရားများကျင့်ကြံပွားများအားထုတ်နိုင်ကြပါစေ...
နှစ်သစ်မှာမင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ 
ဆုတောင်းမေတ္တာပို့ သရင်း နှုတ်ခွန်းဆက်လိုက်ပါတယ်...။

***********


*အရိမေတ္တယျဗုဒ္ဓ၀င်* ဆရာတော်ဘဒ္ဒန္တတေဇောသာရ( ပဲခူးဆရာတော် )

Sunday, December 23, 2012

*~~~တရားနာခြင်းအနုပညာ~~~*


တရားဆိုတာ လူ့ဘ၀ရဲ့အလှ၊ လူ့ဘ၀ရဲ့ ဂုဏ်သိက္ခာ၊ 
လူ့ဘ၀ရဲ့ အရှိန်အ၀ါ၊ လူ့ ဘ၀ရဲ့ စွမ်းအင်၊ 
လူ့ဘ၀ရဲ့ အတောင်ပံ ဖြစ်ပါတယ်။ 

*~~~~~~~~~~~~~~~~~~*

 တရားဆိုတာ လူ့ဘ၀တစ်ခုလုံးကို လွှမ်းခြုံနေတဲ့ အရာပါ၊ 
 သူက အမြင်ကို ကျယ်ပြန့်စေပါတယ်။ နှလုံးကို ကြီးမားစေပါတယ်။
 မြင့်မြတ်မှုအတွက် စံပြုထိုက်တဲ့ ဘ၀နေနည်းတစ်ခုဖြစ်သလို
 နှလုံးစိတ်ဝမ်းကို အေးချမ်းကြည်လင် ဖြူစင် သန့်ရှင်း
 ပြုံးပျော်စေနိုင်တဲ့ နိဿရည်းကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ 
အရာရာမှာ ကောင်းကျိုးပေးတတ်တဲ့ ဒီတရားဟာ အားလုံးအတွက်ဖြစ်ပါတယ်။

*~~~~~~~~~~~~~~~~~~*

 တကယ်တော့ တရားဆိုတာ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်
(အလောင်းတော်ဘ၀ထဲက) ကရုဏာ၊ ပညာဆိုတဲ့ လက်နှစ်ဖက်နဲ့ 
ပါရမီ(၁၀)ပါးဆိုတဲ့ တူရွင်းကြီး (၁၀)ခုကို ကိုင်စွဲကာ
 လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် အသက်၊ သွေး၊ ချွေး၊ 
ဘ၀ပေါင်းများစွာ စတေးပြီး ခက်ခက်ခဲခဲ ရှာဖွေတူးဖော် ခဲ့ရတဲ့ 
အဖိုးမဖြတ်နိုင်တဲ့ ရတနာတော်တွေပါ။

*~~~~~~~~~~~~~~~~~~*

 တရားတော်တွေဟာ အင်မတန်တန်ခိုးကြီးပါတယ်။ 
သူတို့နဲ့ တစ်ကြိမ်တစ်ခါလောက် တွေ့ကြုံဆုံဆည်း ဖူးပြီး 
သူတော်ကောင်း တရားကို နှလုံးသားနဲ့ ငုံမိပြီဆိုတာနဲ့ 
အမှောင်ထုအတွင်းက ဘ၀တွေကို အလင်းရောင် ရစေပြီးတော့ 
အလင်းထဲက ဘ၀တွေကိုလည်း (မျက်စိလည် လမ်းမမှားရအောင်) 
 လမ်းမှန်ကို ညွန်ပြပေးပါတယ်။ 
ယုတ်ညံ့နိမ့်ကျနေတဲ့ ဘ၀တွေကို 
အထက်တန်းကျမြင့် မြတ်လာစေပြီးတော့ 
အထက်တန်းကျ မြင့်မြတ်ပြီးသား ဘ၀တွေကိုလည်း 
အရည်အသွေး ပိုမိုတောက်ပြောင် သွားစေပါတယ်။

*~~~~~~~~~~~~~~~~~~*

 တရားတော်ကို နာကြားရခြင်း၊ ဆွေးနွေးခြင်း၊ ကျင့်သုံးရခြင်း ၊ 
သိမြင်ရခြင်းတွေဟာ ဘ၀ရဲ့ အမြင့်မားဆုံး မင်္ဂလာတွေပါ။ 
ကျက်သရေမင်္ဂလာဆိုတဲ့ ဝေါဟာရ တရား 
မင်္ဂလာရဲ့ စစ်မှန်တဲ့ အမည်နာမ ဖြစ်ပါတယ်။

*~~~~~~~~~~~~~~~~~~*

 တရားဓမ္မကို သိမြင်ခွင့်ရလိုက်တာဟာလည်း 
အနိမ့်-အမြင့် သဘောထားကင်းတဲ့ 
“တည်ငြိမ်ခြင်း” သက်သက်ပဲ ဖြစ်ပါတယ်။ 
တရားဓမ္မရဲ့ သဘာဝကိုယ်က အတိုင်းအတာ၊ အချုပ်အချယ်၊ 
အရှုပ်အထွေး၊ အပိတ် အပင်တွေ ကင်းစင်တဲ့ 
အနှိုင်းမဲ့ “လွတ်မြောက်ငြိမ်းအေးခြင်း” သက်သက်ပဲဖြစ်ပါတယ်။ 
အနိုင်-အရှုံး၊ အနိမ့်- အမြင့်၊ အတက် အကျစတဲ့ 
အတားအဆီးတွေ မရှိခြင်းရဲ့ အနှစ်သာရဟာ 
 စိုးနှောင့်ဖွယ်ရာ အဖြာဖြာတို့မှ ကင်းဝေးစေပြီး စိတ်ကို လွတ်လပ်မှုရဲ့ အတုမဲ့ အရသာမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်စေပါတယ်။

*~~~~~~~~~~~~~~~~~~*

 အဲဒီလို လွတ်လပ်စွာ မွေ့လျော်နေမှုထဲမှပဲ 
ကိုယ်သိတာ၊ တစ်ဖက်သားကို မထိခိုက် မနစ်နာ စေလိုတာ၊ 
အသိဉာဏ်နဲ့ယှဉ်ပြီး ခင်မင်မြတ်နိုးတတ်တာ၊ 
သဘောထားမှန်မှန်နဲ့ ကူညီတတ်တာစတဲ့
 ကောင်းမွန်တဲ့ အရည် အသွေးတွေ 
စုပေါင်းပါဝင်နေတာမို့ မြင့်မြတ်မှု တစ်ခုအနေနဲ့ 
တရားဓမ္မရဲ့ တန်ဖိုးကို ပိုမိုပြီး မြတ်နိုးခွင့် ရစေပါ တယ်။

*~~~~~~~~~~~~~~~~~~*
 
 မြတ်နိုးတန်ဖိုးထားပြီး ခံစားတတ်မယ်ဆိုရင် 
သူတော်ကောင်း တရားတွေဆိုတာ ကိုယ်အေး၊ စိတ်အေး 
ဘ၀သံသရာ တစ်ခုလုံး အေးစေတတ်တဲ့ ငြိမ်းချမ်းရေး မင်္ဂလာတေးတွေပါ။ 
ဒါပေမယ့် မိမိတို့ရဲ့ စိတ်တံခါးကို အမြဲတမ်းဖွင့်လှစ်ထားပြီး 
သူတော်ကောင်းတရားကို ၀မ်းသာအယ်လဲ ကြိုဆိုနေရာပေးနိုင်တဲ့
 “ သူတော်ကောင်းနှလုံးသား”ဆိုတာ လူတိုင်းမှာ ရှိခဲပါတယ်။

*~~~~~~~~~~~~~~~~~~*

 သူတော်ကောင်းတရား ဆိုတာကလည်း “ကံနား”ရှိရုံနဲ့ မကြားရပါဘူး။
 သစ္စာတရားကို မြတ်နိုး တန်ဖိုး ထားတတ်တဲ့
 “ဉာဏ်နား”ရှိမှ ကြားရတတ်၊ ကြားရနိုင်တာမျိုးပါ။ 
တချို့သူတွေမှာ ကံကောင်း ထောက်မစွာ ဉာဏ်နားပါပေမယ့် 
ကာမဂုဏ်အာရုံတွေနဲ့ ကိလေသာစိတ်ဆိုတဲ့ 
နားဖာချေးတွေ ထူပြောပိတ်ဆို့ နေတာမို့ 
နားလေး နားပင်းနေတာမျိုးလည်း ဖြစ်တတ်ပါသည်။ 
တချို့သူတွေကတော့ လူ့ဘ၀ဖြစ်တည်လာကတည်းက 
သူတော်ကောင်းနှလုံးသား မပါခဲ့တာမို့ 
သူတော်ကောင်းတရား နားကြားရလျှင်ပင် 
“လူမိုက် တိရစ္ဆာန်၊ နိဗ္ဗာန် စကား၊ လွန်နားခါး၏”
ဆိုတဲ့အတိုင်း အလွန်ပဲ နားခါးကြပါတယ်။

*~~~~~~~~~~~~~~~~~~*

 ဗုဒ္ဓမြတ်စွာကတော့ တရားနာခြင်းအနုပညာဟာ 
မှန်ကြည့်တာနဲ့ ဥပမာတူကြောင်း 
သားတော် ရှင်ရာဟုလာကို မိန့်ကြားတော်မူပါတယ်။ 
မှန်ကြည့်တဲ့ သူတွေဟာ မိမိတို့ရဲ့ မျက်နှာနဲ့ 
ကိုယ်ခန္ဓာမှာ မလိုအပ်တဲ့ အပြစ် အနာအဆာတွေရှိရင်
 ဖြည့်စွက်မွမ်းမံချယ်သ အလှဆင်ကြဖို့ မှန်ကြည့်တာဖြစ်ပါတယ်။
 အဲဒီဥပမာလိုပဲ နေ့စဉ် မိမိတို့ရဲ့ ကိုယ်အမူအရာ၊
 နှုတ်အမူအရာ၊ စိတ်အမူအရာတွေကို တရားတည်းဟူသော 
မှန်ကလေးကို ထောင်ထောင်ကြည့်ပြီးတော့ ဆင်ခြင်ပြုပြင်ကြရမှာပါ။

*~~~~~~~~~~~~~~~~~~*

 မိမိတို့တတွေမှာ ပြုပြင်စရာကိစ္စက ဒီတဘ၀ထဲနဲ့ မပြီးစီးနိုင်တာမို့ 
နိဗ္ဗာန်ပန်းဝင်မယ့်အချိန်အထိဆိုရင် သံသရာ ခရီးတစ်လျှောက်
 ပြုပြင်စရာ ပမာဏက အလွန်ကြီးပါတယ်။
 ပြုပြင်စရာ ပမာဏက ကြီးမားလေ တော့ မလိုအပ်တာတွေ 
ဖယ်ရှားပြီး လိုအပ်တာတွေ ဖြည့်ဆည်းဖို့၊ 
အချိန်မီ အားထုတ်နိုင်ဖို့ဆိုရင် 
“တရားမှန်” ကို မကြာခဏ ထောင်ကြည့်နိုင်မှ တော်ရုံကျမှာပါ။ 
ဒါကြောင့် တရားနာခြင်း အနုပညာဟာ 
ပုထုဇဉ်ဘ၀မှာ အလွန်ပဲ အရေးပါလိုအပ်လှပါတယ်။

*~~~~~~~~~~~~~~~~~~*

 တရားနာခြင်း အနုပညာဟာ အ၀ိဇ္ဇာ အမိုက်အမှောင်ကို ပယ်ဖျောက်ပြီး၊ 
ဝိဇ္ဇာအလင်းရောင်ကို ရစေပါတယ်။ အပါယ်တံခါးကို ပိတ်စေပြီး၊
 နတ်ရွာနိဗ္ဗာန်တံခါးကို ပွင့်စေပါတယ်။ 
တဏှာပိုက်ကွန်ကို ဖောက်ဖျက် ပေးပြီး 
မာရ်နတ်ရဲ့လက်ကလည်း လွတ်မြောက်စေပါတယ်။
 သန့်စင်တဲ့ ကိုယ့်ကျင့်တရား မြေပြင်မှာ
 ကောင်းမွန် မြင့်မြတ်တဲ့ စိတ်ဓာတ် ကျောက်တိုင်ကို
 ခိုင်ခိုင်မတ်မတ် စိုက်ထူ ထားနိုင်တာမို့ 
ကံကြမ္မာရိုင်း၊ လော ကဓံလေမုန်တိုင်းတို့ရဲ့ တိုက်ခတ်တဲ့ဒဏ်ကို 
မတုန်မလှုပ် တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရခံနိုင်ရည်ပြည့်ဝစေ ပါတယ်။

*~~~~~~~~~~~~~~~~~~*
*
*
 * 

 ဆရာတော် ( တော်ဝင်နွယ် ) ရေးသားတော်မူသော 
"တရားနာခြင်းအနုပညာ" ဆောင်းပါးမှ ဓမ္မဒဿနများကို ကောက်နှုတ်မျှဝေခြင်းပါ...။

ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...။




တရားနာခြင်းအနုပညာ

Thursday, December 13, 2012

*~~~သိစရာတွေးစရာ (၃)~~~*


သူများမကောင်းကြောင်းကို အချိန်ကုန်ခံပြီးပြောမနေပါနဲ့ ။
သူများအပြစ်ကို အချိန်ကုန်ခံပြီးပြောမနေပါနဲ့ ။
အဲဒီလို အချိန်ကုန်ခံပြီးပြောနေရင် အဲဒီအချိန်တွေဟာ
 ကောင်းတဲ့နေရာမှာ မသုံးလိုက်ရတဲ့အတွက်ကြောင့်
ကိုယ့်ဘ၀ဟာ တိုးတက်မူ့ ရင့်ကျက်မူ့ ဖြစ်မလာနိုင်ဘူး။
ကိုယ်လုပ်နေတာကိုယ်ပြောနေတာတွေဟာ
တကယ်မှန်တယ် တကယ်ကောင်းတယ်လို့ 
ကိုယ့်ဟာကိုယ်တကယ်ပဲသိတယ်၊ ယုံကြည်တယ်ဆိုလို့ ရှိရင်
ကိုယ့်မှာ အားငယ်တဲ့စိတ်၊ သိမ်ငယ်တဲ့စိတ်၊ စိတ်မချတဲ့စိတ်၊
 မလုံခြုံတဲ့စိတ်လည်းမရှိဘူးဆိုရင် သူများအပြစ်ကိုရှာကြံပြီးတော့
တွေးနေဖို့ လည်းမလိုတော့ဘူး။

*~~~~~~~~~~~~~~~~~~*

ကိုယ်ဘာကိုမြင်ရတယ်ဆိုတာ 
ကိုယ်ဘာကို ရှာကြည့်သလဲ ဆိုတဲ့အပေါ်မှာမူတည်ပါတယ်။
အဆိုးကိုရှာကြည့်နေရင် အဆိုးတွေ တွေ့ မှာပဲ။
အကောင်းတွေရှာကြည့်နေရင် အကောင်းတွေ တွေ့ မှာပေါ့။

*~~~~~~~~~~~~~~~~~~*

အခု ကိုယ့်စိတ်ထဲမှာ
အရေးကြီးလှတယ်လို့ ထင်ပြီး
စိတ်ဆင်းရဲနေတဲ့ကိစ္စဟာ နောက်ခြောက်လ၊
နောက်တစ်နှစ်လောက်ကြာတဲ့အခါမှာ 
ဘာမှအရေးမကြီးတော့တဲ့ကိစ္စဖြစ်သွားမှာပါ။
ကိုယ့်သဘောထားတွေကလည်းပြောင်းသွားမယ်။
အဲဒါလေးကိုမမေ့ပါနဲ့ ။

*~~~~~~~~~~~~~~~~~~*

 ပြဿနာကို နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းသွားမယ်ဆိုရင်
ပြဿနာသည်ပင်လျှင် ကိုယ့်အတွက်ကြီးပွါးရာ ကြီးပွါးကြောင်း
အသိဥာဏ်ရောစိတ်ဓါတ်ရော တိုးတက်ရာတိုးတက်ကြောင်း
အထောက်အကူဖြစ်လိမ့်မယ်။

*~~~~~~~~~~~~~~~~~~*

သတိ သမာဓိ မေတ္တာ ကရုဏာ 
မြင့်မားလာလေလေ ကိုယ့်ဘ၀ဟာ အနှစ်သာရပြည့်ဝလာလေ
သတိ သမာဓိ မေတ္တာ ကရုဏာ နည်းသွားလေလေ
ကိုယ့်ဘ၀ အနှစ်သာရလည်း နည်းသွားလေလေ
အသိဥာဏ်အဆင့်မြင့်လေလေ 
ကိုယ့်လောကဟာ စိတ်ဝင်စားစရာ ကောင်းလေလေ။ 

*~~~~~~~~~~~~~~~~~~*

သတိကြီးတဲ့သူ သမာဓိကြီးတဲ့သူ
ဥာဏ်ပညာကြီးတဲ့သူရဲ့စိတ်မှာ Power ရှိတယ်။
 တခုခုကို အဆင့်မြင့်မြင့်သိချင်ရင်
ကိုယ်ကိုယ်တိုင်က ကိုယ့်ရဲ့သတိအဆင့်ကိုမြှင့်ရမယ်
သမာဓိအဆင့်ကိုမြှင့်ရမယ် အသိဥာဏ်အဆင့်ကိုမြှင့်ရမယ်။

*~~~~~~~~~~~~~~~~~~*

အသိဥာဏ်နဲ့ စိတ်ဓါတ် မြင့်သွားလေလေ
လောကကြီးဟာပိုပြီးတော့ နက်နဲလာလေလေ
 အဓိပ္ပါယ်တွေ အင်မတန် နက်နဲလာလေလေပဲ။

*~~~~~~~~~~~~~~~~~~*

ကိုယ့်ရဲ့ အသိဥာဏ်နဲ့ စိတ်ဓါတ် အဆင့်အတန်းပေါ်မူတည်ပြီးတော့
ကိုယ်နဲ့ ထိုက်တန်သလောက်ပဲနားလည်နိုင်မယ်။
အသိဥာဏ်နဲ့ စိတ်ဓါတ်အဆင့်အတန်းမြင့်မားရင်
မြင့်မားသလောက် ပိုပြီးနက်နဲသိမ်မွေ့ တာကိုနားလည်မယ်။

*~~~~~~~~~~~~~~~~~~*

တကယ်တော့ လူတဦးစီဟာ
ကိုယ့်စိတ်နဲ့ ကိုယ့်အသိဥာဏ်နဲ့  ကိုယ်မြင်ရသိရ
ခံစားရတဲ့ကိုယ့်လောကထဲမှာ ကိုယ်နေကြတာပါ။
စိတ်ဓါတ်ချင်း အသိဥာဏ်ချင်းမတူရင်
လောကချင်းလည်းမတူနိုင်ပါဘူး။ 

*~~~~~~~~~~~~~~~~~~*

ကိုယ်က အသိဥာဏ်နဲ့ စိတ်ဓါတ်အဆင့်တန်းမြင့်မားလေလေ
ကိုယ့်လောကဟာ ကြီးမားလေ မြင့်မြတ်လေ အနှစ်သာရရှိလေပဲ။

*~~~~~~~~~~~~~~~~~~*

အဓိပ္ပါယ်ရှိတယ်, မရှိဘူးဆိုတာ
ကိုယ့်ရဲ့အသိဥာဏ် အဆင့်အတန်းပေါ်မှာ အများကြီးမူတည်တယ်။

*~~~~~~~~~~~~~~~~~~*
*
*
 * 

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ရေးသားတော်မူသော

"သိစရာတွေးစရာ" စာအုပ်မှကောက်နှုတ်မျှဝေခြင်းပါ...။
ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ကြပါစေ...