Thursday, September 29, 2011

Please Forgive Me


ကိုယ်နေလို့ သိပ်မကောင်းတာလည်းတကြောင်း
အလုပ်တွေအရမ်းများနေတာလည်းတကြောင်းနဲ့ 

စာလည်းမရေးဖြစ်ပါဘူး...။
ဒါပေမယ့် အသက်ငွေ့ ငွေ့ လေးရှိနေရင်တောင် စာဖတ်မယ့်သူဆိုတော့
ရသလောက်စာတွေကိုဖတ်နိုင်သလောက်တော့ဖတ်ပါတယ်...။
ကိုယ်ဖတ်ပြီးရင်လည်း
ကြိုက်နှစ်သက်တဲ့စာအချို့ ကို
ကိုယ့်ဘလော့ထဲမှာ Draft လုပ်ပြီးသိမ်းထားလေ့ရှိပါတယ်...။

အခုဘာလို့ မှန်းမသိပါဘူး... ကိုယ်က Draft လုပ်ထားတာကို
ဘလောက်ကသူ့ အလိုလိုပဲ
post လုပ်လိုက်ပါတယ်...။
ကိုယ်လည်း post မလုပ်ရသေးပဲနဲ့ သူ့ ဟာသူဖြစ်သွားတာပါ။
ဘာကြောင့်လဲဆိုတာအဖြေရှာလို့ မရသေးပါဘူး...။
အဲဒီလိုဖြစ်တယ်ဆိုတာကိုလည်း ကိုယ်မသိပါဘူး...။
ကိုယ်ဖတ်နေကျဆရာတော်ရဲ့ ဘလောက်မှာ
ကိုယ့်ဘလောက်ကိုတွေ့ မှ
ကိုယ်လည်းဘာ post မှမတင်ပဲနဲ့ အဲဒီမှာ သူ့ အလိုလိုတင်ထားတဲ့ post ကို
တွေ့ လို့ သိရတာပါ...။
ကျေးဇူးပြု၍အားလုံးပဲနားလည်ခွှင့်လွှတ်ပေးကြပါလို့ တောင်းပန်အပ်ပါတယ်...။
ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းကြပါစေ~~~


Saturday, September 17, 2011

Wise Ones, Wise Thoughts

Wise Ones, Wise Thoughts

Wednesday, September 14, 2011

The Boy & The Apple Tree

ဒီပုံပြင်လေးကိုစာအုပ်ထဲမှာဖတ်ဖူးတာတော့ကြာပါပြီ...။
အခုမှအင်တာနက်ထဲမှာတွေ့ တာနဲ့ မဖတ်ရသေးသူများအတွက်မျှဝေလိုက်ပါတယ်...။

The Boy & The Apple Tree


လူကလေးနဲ့ ပန်းသီးပင်


ဟိုးတခါတုန်းကပေါ့...သစ်ပင်ကြီးတပင်ရှိသတဲ့...


လူကလေးတယောက်က အဲဒီသစ်ပင်ကြီးဆီမှာအမြဲတမ်းလာကစားလေ့ရှိတယ်...
ဒါကြောင့်မို့ သစ်ပင်ကြီးကလူကလေးကိုသိပ်ချစ်တယ်။


လူကလေးက သစ်ပင်ကြီးပေါ်ဖက်တွယ်ကစားလေ့ရှိတယ်...။


ပြီးတော့သစ်ပင်ပေါ်က ပန်းသီးလေးတွေကိုစားချင်သလောက်စားနေတော့တာပဲ...။


အစာစားလို့ ဗိုက်ဝသွားပြီဆိုတာနဲ့ သစ်ပင်ရိပ်မှာလှဲပြီးတရေးတမောတောင်အိပ်လိုက်သေးတယ်...။


လူကလေးကသစ်ပင်ကြီးကိုသိပ်ချစ်သလို သစ်ပင်ကြီးကလည်း
သိပ်ပျော်ပါတယ်...။


ဒီလိုနဲ့ အချိန်ကာလတွေကြာညောင်းလာခဲ့တယ်...


တနေ့ တော့ သစ်ပင်ကြီးရှိရာကိုလူကလေးက ရောက်လာခဲ့တယ်...
သစ်ပင်ကြီးကလူကလေးကို သူနဲ့ အတူကစားဖို့ ဖိတ်ခေါ်တာပေါ့...။


ကျနော်က ကလေးမှမဟုတ်တော့တာ သစ်ပင်ကြီးနဲ့ မကစားချင်တော့ပါဘူး...
အရုပ်တွေပဲလိုချင်ပါတယ်...အဲဒီအတွက်ပိုက်ဆံလိုချင်တယ်လို့ ပြောသတဲ့...။


ဝမ်းနည်းပါတယ်လူကလေးရယ်...ငါ့မှာပိုက်ဆံမရှိပါဘူး...ဒါပေမယ့်ငါ့မှာရှိတဲ့ပန်းသီးတွေအားလုံး
ယူသွားပြီးရောင်းလိုက်ပါ...အဲဒါဆိုရင် မင်လိုချင်နေတဲ့ပိုက်ဆံရမှာပေါ့လို့ ပြောသတဲ့...
လူကလေးကသိပ်ပျော်သွားပြီးပန်းသီးတွေအားလုံးခူးယူပြီးထွက်သွားတော့တယ်...
ဒါကိုကြည့်ပြီး သစ်ပင်ကြီးကတော့ သိပ်ပျော်နေခဲ့တာပေါ့...။


အချိန်တွေတရွေ့ ရွေ့ နဲ့ ကုန်ဆုံးသွားပေမယ့် ပန်းသီးတွေယူပြီးထွက်သွားတဲ့လူကလေးကတော့
ပြန်မလာခဲ့ပါဘူး...။ သစ်ပင်ကြီးကတော့ဝမ်းနည်းပက်လက်နဲ့ ပေါ့...။


တနေ့ မှာတော့ အသက်အရွယ်ကြီးတဲ့လူကြီးတယောက်အဖြစ်နဲ့ 
သစ်ပင်ကြီးဆီကိုလူကလေးကအလည်လာခဲ့ပြန်ပါတယ်...
လာလေ...ငါနဲ့ အတူကစားရအောင်လို့ သစ်ပင်ကြီးကခေါ်ရှာတယ်...။



ကျနော့်မှာ ကစားဖို့ အချိန်မရှိပါဘူး...မိသားစုအတွက်အလုပ်သွားရဦးမယ်
ကျနော်တို့ အတွက်နေထိုင်ဖို့ အိမ်လိုအပ်နေပါတယ်...သစ်ပင်ကြီးကအကူညီပေးနိုင်မလား
လို့ မေးသတဲ့...။


ဝမ်းနည်းပါတယ်လူကလေးရယ်...ငါ့မှာအိမ်တော့မရှိပါဘူး ဒါပေမယ့်
ငါ့ရဲ့အကိုင်းအခက်တွေကိုခုတ်ယူသွားပြီး မင်းတို့ နေဖို့ အိမ်ဆောက်လိုက်ပါလို့ ပြောရှာတယ်...။


ဒီတော့လူကြီးက သစ်ပင်ကြီးရဲ့အကိုင်းအခက်တွေအကုန်လုံးခုတ်ယူပြီး
ပျော်ရွှင်စွာနဲ့ ထွက်သွားတော့တယ်...။


သစ်ပင်ကြီးကတော့ လူကြီးကိုကြည့်ပြီးပီတိတွေဖြစ်နေခဲ့တာပေါ့...
ဒါပေမယ့်အဲဒီအချိန်ထဲကနေစပြီးအခုထိလူကြီးက ပြန်မလာပြန်ဘူး...။
သစ်ပင်ကြီးကတော့အထီးကျန်စွာနဲ့ ဝမ်းနည်းကျန်ရစ်ခဲ့ပြန်တယ်...။


ပူအိုက်တဲ့နွေရာသီတနေ့ မှာတော့ လူကြီးပြန်လာခဲ့တယ်...
လူကြီးကိုတွေ့ တော့သစ်ပင်ကြီးကသိပ်ပျော်နေခဲ့တယ်...။
လာလေ...ငါနဲ့ အတူကစားရအောင်လို့ ခေါ်ပြန်တာပေါ့...။


ကျနော်အိုပြီဗျာ...အေးအေးဆေးဆေးအနားယူပြီး ရွက်လှေနဲ့ သွားချင်တယ်...။
ကျနော့်ကို ရွက်လှေပေးနိုင်မလားလို့ မေးသတဲ့...။


ငါ့ကိုခုတ်လှဲပြီး လှေကလေးဆောက်လိုက်ပါလားကွယ်...ဒါဆိုရင်
မင်းသွားချင်တဲ့နေရာကိုပျော်ရွှင်စွာနဲ့ သွားလို့ ရပြီပေါ့...။


လူကြီးက သစ်ပင်ကြီးကိုခုတ်လှဲပြီးလှေကလေးဆောက်လိုက်တယ်...
ပြီးတော့ရွက်လွှင့်ပြီးထွက်သွားလိုက်တာ ရက်တွေလတွေကြာညောင်းခဲ့ပေမယ့်
ပေါ်မလာခဲ့တော့ပါဘူး...။


ဒီလိုနဲ့ နှစ်တွေကြာတဲ့နောက် တနေ့ မှာတော့လူကြီးပြန်လာခဲ့ပါတယ်။
ဝမ်းနည်းပါတယ်လူကလေးရယ်...ဒီတခါတော့ငါ့မှာမင်းကိုပေးစရာဘာမှမရှိတော့ပါဘူး...။
ပန်းသီးတွေလည်းမရှိတော့ဘူးလို့ ပြောရှာတယ်...။
ကိစ္စမရှိပါဘူးဗျာ...ကျနော့်မှာပန်းသီးတွေကိုကိုက်စားနိုင်တဲ့သွားတွေမရှိတော့ဘူးလို့ လူကြီးကဆိုသတဲ့...။



သစ်ပင်ကြီးကလူကြီးကိုကြည့်ပြီး ဟိုတုန်းကလို ငါ့အပေါ်ကိုတွက်တက်ပြီး
မင်းကစားလို့ မရတော့ဘူးနော်...။
လူကြီးကလည်းကျနော်အိုနေပါပြီလို့ ဆိုပြန်တယ်...။


တကယ်လည်းငါ့မှာ မင်းကိုဘာမှပေးစရာမရှိတော့ပါလားနော်...
ငါ့မှာကျန်တာဆိုလို့  သေဆုံးခါနီး အမြစ်ဆုံသစ်ငုတ်တိုကြီးပဲရှိပါတော့တယ်ကွယ်လို့ 
မျက်ရည်စက်လက်နဲ့ ပြောရှာသတဲ့...။
အခုအချိန်မှာကျနော်ဘာမှသိပ်မလိုတော့ပါဘူး...
ဖြတ်သန်းခဲ့တဲ့နှစ်ကာလတွေကြာခဲ့သလို ကျနော့်ဘ၀မောပမ်းလွန်းနေပါပြီဗျာ...။



ဒါဆိုရင်ကောင်းပါပြီကွယ်...။
ဟောဒီသစ်ငုတ်အိုကြီးကမင်းအတွက်နားခိုစရာပေါ့...။
လာလေ...မင်းထိုင်နားလိုက်ပါဦးလို့ သစ်ပင်ကြီးကပြောတော့...


လူကြီးက သစ်ငုတ်တိုပေါ်မှာထိုင်ပြီးနားနေလိုက်တော့တယ်...။
သစ်ငုတ်တိုကြီးကတော့ မျက်ရည်တွေနဲ့ ပြုံးနေရှာတာပေါ့...။


Everybody has an apple tree in his life.
လူတိုင်းမှာပန်းသီးပင်ကြီးတပင်တော့ရှိခဲ့မှာပါနော်...။
အဲဒီလိုပါပဲ...ကိုယ့်ရဲ့ဖေဖေနဲ့ မေမေ ဆိုတာ ပန်းသီးပင်ကြီးလိုပဲပေါ့....။
ဘယ်လောက်ပဲအလုပ်တွေများနေပါစေ...ကိုယ့်ဖေဖေ မေမေနဲ့ အတူ အချိန်တွေကို
ပျော်ရွှင်စွာဖြတ်သန်းဖို့ မမေ့နဲ့ ပေါ့...။


ပုံပြင်လေးကတော့ဒါပါပဲ...။
ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ပါးပျော်ရွှင်ချမ်းမြေ့ကြပါစေ...။


Friday, September 2, 2011

ခြေ ( သို့ မဟုတ် ) အရိမဒ္ဒနမှ တွေးမြင်ရနံ့ တို့ ဝေ့ပျံ့ နေဆဲ...


"ကရုဏာကရော- ကရုဏာတော်၏ တည်ရာဖြစ်တော်မူထသော၊ ယောတထာဂတော-အကြင်မြတ်စွာ ဘုရားသည်။ ကယောပယာတံ- လက်တော်သို့ ရောက်ပြီးသော။ သုခပ္ပဒံ- ချမ်းသာခြင်း၏ တည်ရာဖြစ်သော၊ ပဒံ- နိဗာန်ကို သြသဇ- စွန့် တော်မူ၍၊ ကလိသမ္ဘဝေ- ဆင်းရဲခြင်း၏အကြောင်းဖြစ်သော ဘဝေ- သံသရာတည်းဟူသော ဘ၀၌။ ကေ၀လဒုက္ကရံ- စင်စစ်ပြုနိုင်ခဲလှသော စွန့် ခြင်းကြီးငါးပါး အစရှိသည်ကို၊ ကရံကရောန္တော - ပြုတော်မူသည်ဖြစ်၍။ ပရတ္တံ - သူတပါးတို့ ၏အကျိုးစီးပွားကို။ အကာပြုတော်မူလေပြီ။ တံတထာဂတံ- ထိုမြတ်စွာဘုရားကို။ အဟံ- ငါသည်၊ နမာမိ- ရှိခိုးပါ၏"

အထက်ပါဘုရားရှိခိုးကိုကြားယောင်ရင်းမှ လျှောင်းတော်မူ ဆင်းတုတော်ကြီး၏
ခြေအစုံ( ၀ါ )
ဂေါတမမြတ်စွာဘုရား၏ခြေတော်အစုံကို အများသတ္တ၀ါတို့ ၏ အကျိုးစီးပွားကိုသယ်ပိုးလျှက် လျှောက်လှမ်းခဲ့သောခြေတော်အစုံအဖြစ် ကျွန်တော်ကမြင်ယောင်နေမိပါသည်။ မိမိဖက်ကစွန့် လွှတ် အနစ်နာခံခြင်းများစွာဖြင့် အများကောင်းကျိုးကိုဆောင်ရွက်သယ်ပိုးဖို့  လျှောက်လှမ်းလာသော
ခြေတော်တို့ အဖြစ်လည်း ကျွန်တော်က ခံစားနေမိပါသည်။

" တနေ့ ပြီးတနေ့ ဖြတ်ကျော်၍ တသွားတည်းသွားနေရသည့် ဘ၀တလျှောက်၌...... မသိမှားမူ့ တို့ ကြောင့် ပြုမိမှား ပြောမိမှားတို့ ဖြင့် နောင်တအထွေထွေ၊ ပူပန်သောကအထွေထွေတို့  ဖြစ်ရခြင်းမှလည်းကောင်း ၊ အ၀ိဇာမှောင်၌ ယုံမှားတွေဝေခြင်းအမျိုးမျိုးဖြင့် အဆိုးကိုအကောင်းထင်၊ ဒုက္ခကိုသုခထင်လျှက် စမ်းတ၀ါးဝါးလှမ်းလျှောက်နေရာမှ လမ်းလွဲ လျှောကျရခြင်းတို့ မှလည်းကောင်း၊

မဆုံမတွေ့ လိုသော်လည်း ကြုံတွေ့ လာရတတ်သည့် မချစ်မနှစ်သက်သောသူ ၊ မချစ်မနှစ်သက်သော အရာတို့ နှင့် အတူတူခရီးဆက်ရခြင်းကြောင့် ရန်ငြိုးဒေါသတို့ ဖြင့် စိတ်ပင်ပမ်း ကိုယ်ပင်ပမ်း၊ ဖြစ်ရခြင်းတို့ မှလည်းကောင်း ၊ ချစ်သူခင်သူမြတ်နိုးရသူ၊ ချစ်သောအရာမြတ်နိုးသောအရာတို့ နှင့် ကြည်သာရွှင်ပြုံးလျှက် ခရီးအဆုံးတိုင်အတူတူသွားလိုသော်လည်း လမ်းခုလတ်၌ပင် အပြီးတိုင် ခွဲခွာနှုတ်ဆက်ခဲ့ရ၍ ကြေကြေမြည့်မြည့် ဆွေးဆွေးနင့်နင့် ဖြစ်ရခြင်းတို့ မှလည်းကောင်း၊

ရင်မဆိုင်လိုသော်လည်း ရင်ဆိုင်လာရမည့် အိုရခြင်းဒုက္ခ၊ နာရခြင်းဒုက္ခ ၊ သေရခြင်းဒုက္ခတို့ မှ လည်းကောင်းလွန်မြောက်ရာခရီးလမ်းကို ပြညွှန်ရန်အလို့ ငှာ......။

ပြညွှန်ရန်အတွက် ဤလောကသို့ လှမ်းလျှောက်လာသော ခြေတော်တို့ အနေဖြင့်လည်း ကျွန်တော်ကမြင်ယောင်ခံစားနေပါသည်။

ရုပ်ကိုသာအမှန်အရှိတရားအဖြစ် လက်ခံကြသောရုပ်ဝါဒီတို့ က စိတ်ကိုရုပ်၏ အရိပ်အယောင်အဖြစ်
မှတ်ယူကြသည်။ စိတ်၏ဖြစ်စဉ်ကို ဦးနှောက်၏ဖြစ်စဉ်အဖြစ် မှတ်ယူတတ်ကြသည်။ ရုပ်ဝါဒီအားလုံးသည် အတိတ်ဘ၀ရှိသည်ဟူသောအဆိုကိုလက်မခံကြ ။ သေလျှင်နောင်ဘ၀ရှိသည် ဟူသော
အဆိုကိုလက်မခံကြ ၊ ပြုသောကံတို့ အလျှောက် အကောင်းအဆိုးဘ၀အမျိုးမျိုးတို့ 
ဆက်စပ်
ဖြစ်ပေါ်နေသည်ဟူသော အဆိုကိုလည်းလက်မခံကြ ။ သက်ဆိုင်ရာရုပ်သဘောတို့ ပေါင်းစည်းမူ့ ကြောင့် " ဤယခုဘ၀ " သည် ဖြစ်လာသည်။ ဤဘ၀တခုသာလျှင် အကောင်းအဆိုး ကံအမျိုးမျိုးသည်လည်း ပြီးဆုံးပြတ်စဲသွားကြသည်ဟု ယူဆကြသည်။

အတ္တ၀ါဒကိုလက်ခံသူ၊ စိတ်အခြေခံဝတ္တုဖြစ်သည့် ၀ိညာဉ်ကိုအရှိတရားအဖြစ် လက်ခံသူတို့ ကမူ သတ္တ၀ါတဦးဦးသေလျှင် ထိုသတ္တ၀ါ ထံမှ အတ္တ သို့ မဟုတ် ၀ိညာဉ်သည် အခြားခန္တာအသစ်သို့  ပြောင်းရွှေ့ ဝင်ရောက်ပြီး ဘ၀အသစ်ထပ်၍ဖြစ်သည်။ ပြုခဲ့သောကောင်းသောကံတို့ အလျှောက်
ကောင်းသောဘ၀ ၊ ပြုခဲ့သောမကောင်းသောကံတို့ အလျှောက် မကောင်းသောဘ၀ကိုရသည်ဟု ယုံကြည်ကြသည်။ ဗုဒ္ခကမူ ရုပ်ဝါဒီတို့ ၏ တစ်ဘ၀သာရှိသည်ဟူသော အယူအဆကိုလည်း လက်မခံ အတ္တ၀ါဒီတို့ ကဲ့သို့  သတ္တ၀ါသေလျှင် အတ္တသို့ မဟုတ်ဝိညာဉ်က ထွက်ခွာသွားပြီး နောက်ခန္ခာအသစ်၌ ဘ၀သစ်ဖြစ်သည်ဟုယုံကြည်သော ယုံကြည်မူ့ မျိုးကိုလည်းလက်မခံချေ။ သတ္တ၀ါသည်သေခါနီးကာလ၌ မိမိပြုခဲ့သော ကံတို့ ကြောင့်ပင် ထင်ပေါ်လာသော နိမိတ် တမျိုးမျိုးကိုအာရုံပြုနေခိုက် စုတိစိတ်ကျသည်နှင့် တပြိုင်နက် အကြားမရှိ " ကြား " မရှိပဲဘ၀တခု ဆက်၍ဖြစ်သည်ဟု ဖေါ်ပြခဲ့၏။

"ဘ၀သံသရာသည် ရှိသည်ဆိုလျှင်..." ဟူသောအတွေးသံစဉ်နှင့်အတူ ... ထိုသံသရာခရီး၌
အများကောင်းကျိုးကို ထူးထူးခြားခြား သယ်ပိုးရွက်ဆောင်ခြင်းမရှိပဲ လျှောက်လှမ်းခဲ့သော ကျွန်တော့်ခြေလှမ်းများကို မြင်မိနေပါသည်။ ထိုသံသရာမှလွတ်မြောက်အောင်လည်း မကြိုးစား အားမထုတ်ပဲ အိုခြင်း၊ နာခြင်း၊ သေလွန်ရခြင်း၊ ငိုခြင်း၊ ရှိုက်ခြင်း၊ မောဟိုက်နွမ်းနယ်ခြင်းတို့ ကြား၌ မျှော်လင့်ချက်များ တွယ်တာမူ့ များဖြင့် သံသရာရှည်သ၍ လျှောက်မည့်ဟန်ပြင်နေသည့် ကျွန်တော့် ခြေတို့ ကိုမြင်လျှက်လည်းရှိပါသည်။ မရေမတွက်နိုင်သော ခြေပေါင်းများစွာကို မြင်လိုက်ရာမှ မဖေါ်ပြတတ်သော ထိတ်လန့် မူ့ တရပ်ကကျွန်တော့်စိတ်ထဲတွင်ဖြစ်ပေါ်လာသည်။

ကျွန်တော်က လျှောင်းတော်မူ ဆင်းတုတော်ကြီး၏ ခြေအစုံကို ရိုသေစွာဖြင့် ဦးညွှတ်ရှိခိုးလိုက်ပါသည်။


ဗုဒ္ခမြတ်စွာ၏ ခြေတော်တို့ သည် အများကောင်းကျိုးကို အစွမ်းကုန်ရွက်သယ်ပိုးဖို့ လျှောက်လှမ်းခဲ့သော ခြေတော်တို့ ဖြစ်ကြသည်တကား။
အများကောင်းကျိုးကို အကောင်းဆုံးရွက်သည်ပိုးပြီး၍ ဘယ်အခါမှ
သံသရာခရီးကိုနောက်ထပ်တဖန် မလျှောက်လှမ်းတော့သော ခြေတော်များလည်း ဖြစ်ကြပေသည်တကား......။

နေအတန်ညိုပြီဖြစ်၍ မနူဟာဂူဘုရားမှ ကျွန်တော်တည်းခိုရာနေရာသို့ လျှောက်လာခဲ့ပါသည်။
ကျွန်တော်၏ ခြေလှမ်းများကို အချည်းနှီး ခြေလှမ်းများမဖြစ်အောင် သတိထား၍ လျှောက်နေမိပါသည်။ ။

~~~သံသရာခရီးသို့ လျှောက်လှမ်းသွားပြီဖြစ်သော
ဆရာနန္ဒာသိန်းဇံ၏ "အရိမဒ္ဒနမှ တွေးမြင်ရနံ့ တို့ ဝေ့ပျံ့ နေဆဲ..."
စာအုပ်မှ ကောက်နှုတ်ဖေါ်ပြခြင်းပါ~~~

မဟာကရုဏာရှင်၏ခြေတော်ရင်းအားရိုသေစွာဦးခိုက်လျှက်~~~
ဓမ္မမိတ်ဆွေအပေါင်းကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းကြပါစေ~~~